top of page

၃လအကြာ ပိတ်ထားခဲ့သည့် မြစ်ကြီးနား-ပူတာအိုကားလမ်း အကန့်အသတ်ဖြင့် ဖွင့်လှစ်ပြီး ကုန်ပစ္စည်းအချို့တင်ပို့နေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၀ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်တွင် သုံးလအကြာ ပိတ်ပင်ထားခဲ့သည့် မြစ်ကြီးနား-ပူတာအိုကားလမ်းကို တမြန်နေ့ ဇွန်လ၈ရက်နေ့မှစပြီး ကုန်တင်ကားအချို့ အကန့်အသတ်ဖြင့် ကုန်ပစ္စည်းများ စတင်တင်ပို့နေပြီဖြစ်ကြောင်း သိရသည်။


ကချင်လွတ်လပ်ရေးတပ် (KIA)နဲ့ စစ်ကောင်စီ နှစ်ဖက်တပ်ဖွဲ့ စစ်ရေးအခြေအနေများကြောင့် မြစ်ကြီးနား-ပူတာအို ကားလမ်းပိုင်းအား မတ်လ ၉ရက်နေ့မှ ပိတ်ပင်ခဲ့ရာ ဇွန်လ ၈ရက်နေ့ ညနေပိုင်းမှာတော့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ ( PCG )မှကြားဝင်စေ့စပ်ညှိနှိုင်းပြီး နှစ်ဖက်စစ်တပ်၏ ခွင့်ပြုချက်များဖြင့် ကုန်တင်ကား ၁၀စီးကျော် မြစ်ကြီးနားမြို့မှ ပူတာအိုဘက်သို့ စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။


ကုန်တင်ကားများတွင် ကုန်ပစ္စည်းများအားလုံး တင်ဆောင်ခွင့် ရခဲ့သော်လည်း စက်သုံးဆီများမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ခက်ထိန်နန်မှ လေကြောင်းဖြင့် သယ်ယူပို့ဆောင်ခဲ့ပြီးဖြစ်သောကြောင့် ကန့်သတ်ကုန်အဖြစ် တင်ဆောင်ခွင့်မရှိသေးကြောင်းလည်း ထပ်မံသိရသည်။


 မတ်လဆန်းပိုင်းမှစပြီး ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း နှစ်ဖက်စစ်ရေး တင်းမာလာပြီးနောက် မြစ်ကြီးနား-ပူတာအို အတက်အဆင်းပြုလုပ်နေသည့် ကားများအားလုံး ရပ်နားထားလိုက်ရကြောင်းနှင့် ကားလမ်းပိတ်ပင်ထားခဲ့သည့် ၃လတာကာလအတွင်း ပူတာအိုဒေသခံပြည်သူများမှာ ကုန်ပစ္စည်းဈေးနှုန်းမြင့်တက်ပြီး အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီပြတ်လပ်ခြင်းတို့ ရင်ဆိုင်ခဲ့ကြရသည်။


မြစ်ကြီးနား-ပူတာအိုကားလမ်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲစတင်သည့် မတ်လ ၉ရက်နေ့မှစတင်ကာ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်ခြင်းဖြစ်ပြီး ၃လအကြာတွင် အကန့်အသတ်ဖြင့် စတင်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။


0 views0 comments

Yorumlar


Pajau Media

Thanks for subscribing!

bottom of page