ပါဂျောင်မီဒီယာ။
၆ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။
ကချင်ပြည်နယ်တွင် ၂၀၂၂ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ခုနှစ် ဇူလှိုင်လအတွင်း ဖြစ်ပွားခဲ့သော လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်ရပ်ပေါင်း (၄၀)ခုအထိ ရှိခဲ့ပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ရပ်များကို အဓိကကျူးလွန်မှုပုံစံ (၇)မျိုးဖြင့် တွေ့ရှိရကြောင်း Kachin Human Rights Watch – KHRW၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းတို့မှာ လက်နက်ကြီးများဖြင့် လူနေရပ်ရွာများသို့ ရမ်းသန်းပစ်ခတ်ခြင်း၊ အရပ်သားပြည်သူများ၏ နေအိမ်များကို ဗုံးကြဲမီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူများအား မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ အရပ်သားပြည်သူများအား သေနတ်ဖြင့် တိုက်ရိုက်ပစ်ခတ်ခြင်း၊ ကြီးမားသော ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူများ သေကြေထိခိုက်ဒဏ်ရာရခြင်း၊ ပြည်သူများ၏ ဥစ္စာပစ္စည်းများအား သိမ်းယူဖျက်ဆီးခြင်း၊ မြေမြုပ်မှိုင်းပေါက်ကွဲခြင်းတို့ဖြစ်သည်။
လူ့အခွင့်အရေးချိုးဖောက်ခံရသည့် ဖြစ်ရပ်ပေါင်း (၄၀)ခုအနက် လက်နက်ကြီးများဖြင့် လူနေရပ်ရွာများသို့ ရမ်းသန်းပစ်ခတ်ခြင်း ဖြစ်ရပ်မှာ (၂၃)ခုဖြင့် အများဆုံးဖြစ်ခဲ့ရာ နေအိမ်အနည်းဆုံး(၃၆)လုံး မီးလောင်ပျက်စီးသွားပြီး လက်နက်ကြီးထိ၍ အနည်းဆုံး(၉)ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး( ၂၀)ဦးအထိ ရှိခဲ့သည်။
အရပ်သားပြည်သူများ၏ နေအိမ်များကို ဗုံးကြဲမီးရှို့ဖျက်ဆီးခြင်းကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်ရပ်(၂)ခုရှိခဲ့ရာ ဖျက်ဆီးခံရသည့် အိမ်ခြေ (၄၁၄)ခုရှိကြောင်း၊ အရပ်သားပြည်သူများအား မတရားဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်ရပ်မှာ (၄)ခုရှိခဲ့ရာ ထိခိုက်နစ်နာသူ၊ ကျူးလွန်ခံရသူ စုစုပေါင်း(၆၀)ဦးအထိ ရှိခဲ့ကြောင်း၊ အရပ်သားပြည်သူများအား သေနတ်ဖြင့် တိုက်ရိုက်ပစ်ခတ်ခြင်းကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်ရပ်မှာ (၃)ခုရှိခဲ့ရာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး၊ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ကြီးမားသော ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူများ အစုလိုက်အပြုံလိုက် သေကြေထိခိုက်ဒဏ်ရာရရှိသည့် ကြီးမားသောဖြစ်ရပ်တစ်ခုရှိခဲ့ပြီး အဆိုပါဖြစ်ရပ်ကြောင့် အိမ်ခြေအနည်းဆုံး(၃၈)လုံးနှင့် စစ်ဘေးရှောင်စခန်းရှိ မိသားစု(၁၀၆)စု စုပေါင်းနေထိုင်သော လေးခန်းတွဲအိမ်တန်း(၃၁)လုံး မီးလောင်ပျက်စီးသွားခဲ့သည့်အပြင် အရပ်သားပြည်သူ(၂၉)ဦး သေဆုံးပြီး၊ ပြင်းထန်ဒဏ်ရာရကာ ဆေးကုသမှုခံယူသူ အနည်းဆုံး (၂၅)ဦး ရှိခဲ့သည်။
ပြည်သူများ၏ ဥစ္စာပစ္စည်းများအား သိမ်းယူဖျက်ဆီးခြင်းဖြစ်ရပ် တစ်ခုမှာ မြစ်ကြီးနားမြို့ အူဗျစ်ကျေးရွာရှိ မိသားစုတစ်ခု၏ နေအိမ်ကို စစ်တပ်မှ စစ်ကား ၇စီးနှင့် အိမ်စီးကား ၄စီး၊ စစ်သားအင်အားအလုံးအရင်းဖြင့် ဝင်ရောက်စစ်ဆေးခဲ့ပြီး၊ ရှိသမျှပစ္စည်းအားလုံး၊ အဝတ်အစားများ၊ စောင်၊ အသုံးအဆောင်ပစ္စည်းမှအစ သိမ်းယူသွားခဲ့သည်။ ထို့နောက် နေအိမ်ကို ဘက်ဖိုးဖြင့် ဝင်ရောက်ဖျက်စီးခြင်း၊ မိသားစုဝင်မှ အသက်၁၈နှစ်အရွယ် ကျောင်းသားလူငယ်အား သေနတ်ဖြင့် ရိုက်နှက်ကန်ကြောက်ခြင်း၊ ခေါင်းကွဲသည်အထိ နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့အပြင် မြေမြုပ်မှိုင်းပေါက်ကွဲခြင်းကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း ဖြစ်ရပ်ပေါင်း (၅)ခုရှိခဲ့ရာ၊ မြေမြုပ်မှိုင်းထောင်ထားရာမှ မတော်တဆနှင်းမိပေါက်ကွဲခြင်းကြောင့် ပြည်သူ(၃)ဦး ပြင်းထန်ဒဏ်ရာနှင့် (၂)ဦးမှာ အသက်သေဆုံးခဲ့ရသည်။
ကချင်ပြည်နယ်တွင် ၂၀၁၁ခုနှစ် ဇွန်လ၉ရက်နေ့မှစပြီး စစ်ကောင်စီတပ်နှင့် ကချင်လွှတ်လပ်ရေးတပ်မတော်(KIA)တို့အကြား တကျော့ပြန်စစ်ပွဲ ပြန်လည်ဖြစ်ပွားပြီးနောက် ကချင်ပြည်သူများမှာ နေရပ်စွန်ခွာထွက်ပြေးခဲ့ရသည့်အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းများ ရှိလာကာ လုံခြုံမှုကင်းမဲ့သည့် ဒေသဖြစ်လာခဲ့သည်။
တစ်ဖန် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ (၁)ရက်နေ့တွင် စစ်ကောင်စီမှ နိုင်ငံတော်အာဏာကို သိမ်းယူပြီးနောက် ကချင်ဒေသအတွင်း စစ်မျက်နှာပြင်ပိုမိုကျယ်ပြန့်လာကာ လုံခြုံရေးအန္တရာယ် ပိုမိုကြီးထွားလာပြီး၊ စစ်ရေးလှုပ်ရှားမှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခဲ့ရာ ပြည်သူများမှာ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဆိုးရွားစွာခံစားလာရသည်။
တစ်ဖက်မှာလည်း ကချင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးပိတ်ခြင်း၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံရခြင်းများ ယခုအချိန်အထိ ရှိနေဆဲဖြစ်သည်။ ဤအခြေအနေများကြောင့် ကချင်ဒေသတစ်ခွင်ရှိ ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ၊ ကျူးလွန်မှုများကို အများပြည်သူ သိရှိရန်ခက်ခဲခဲ့သည်ဟု Kachin Human Rights Watch – KHRWက ဖော်ပြထားသည်။
သတင်း - ရောင်နီ
Comments