top of page

ဧရာဝတီမြစ်ဘေး လဘန်ကထောင်ကျေးရွာမှ စစ်ရှောင်ကလေးငယ်များ စာသင်ကြားနိုင်ရန် အခက်အခဲဖြစ်

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၇ရက်၊မေလ၊၂၀၂၄ခုနှစ်။




ဝိုင်းမော်မြို့နယ် ဧရာဝတီမြစ်ဘေး၊ နောင်ချိန်းကျေးရွာအုပ်စု၊ လဘန်ကထောင်ကျေးရွာတွင် စစ်ရှောင်လာကြသည့် ကလေးငယ်များ စာသင်ကြားရန် နေရာအခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု လဘန်ကထောင်စစ်ရှောင် တာဝန်ရှိသူများထံမှ သိရသည်။


လဘန်ကျေးရွာ စစ်ရှောင်စခန်းတွင် စစ်ရှောင်လာသူ ကလေးငယ်များမှာ စုစုပေါင်း ၂၀၀ ဝန်းကျင်ရှိသည့်အနက် ၉တန်းအထိ တက်ရောက်မည့် ကျောင်းသားများမှာ လက်ရှိစစ်ရှောင်နေသည့် ကျေးရွာအတွင်းရှိ အစိုးရကျောင်းတွင် စာသင်ကြားနိုင်သော်လည်း ဘာသာရေးအခြေပြုကျောင်းတွင် တက်ရောက်သင်ကြားမည့် ကျောင်းသားများမှာ လက်ရှိစစ်ရှောင်နေသည့် ကျေးရွာတွင် နေရာအခက်အခဲနှင့် လူဦးရေ အကန့်အသတ်ဖြင့်သာ ဖွင့်လှစ်လက်ခံသောကြောင့် မတက်ရောက်နိုင်မည့် အခြေအနေဖြစ်နေသည်ဟု ဆိုသည်။


“ဒီဘာသာရေးကျောင်းတက်တဲ့ ကလေးတွေက ဒီကိုရောက်လာတဲ့အခါကျတော့ သူတို့က တက်မဲ့ကျောင်း မရှိတော့ဘူး။ ဒီမှာက ၅တန်းအထိ ဖွင့်တယ်ဆိုတော့ ကျောင်းလာအပ်တယ်။ ဒါပေမယ့် အကန့်အသတ်နဲ့ပဲ လက်ခံတာဖြစ်တဲ့အတွက်ဆိုပြီး ကျမတို့ကလေးတွေကို လက်မခံပေးဘူး။ အဲ့တာကြောင့် အခုကျမတို့ ဒီမှာ ကျောင်းဖွင့်နိုင်အောင်လို့ နေရာတောင်းထားတယ်၊ နေရာတော့ ရပြီပေါ့။ ဒါပေမယ့် တစ်ခြားလိုအပ်တဲ့ ကျောင်းသုံးပစ္စည်းကအစ သင်ကြားပေးမယ့် ဆရာတွေကို ပေးမယ့် စားရိတ်တွေတော့ အများကြီးလိုအပ်ပါသေးတယ်။” ဟု စခန်းတာဝန်ခံတစ်ဦးက ပြောသည်။


ထို့ကြောင့် ယင်းဘာသာရေးအခြေပြုကျောင်းကို လက်ရှိစစ်ရှောင်နေသည့် ကျေးရွာတွင်ပင် ဖွင့်လှစ်သင်ကြားနိုင်ရန် ကျေးရွာအသင်းတော်မှ နေရာစီစဉ်ပေးသော်လည်း အခြားလိုအပ်သည့် ကျောင်းသုံးအကူပစ္စည်းများနှင့် စာသင်ကြားပေးရန် ဆရာ၊ဆရာမများလည်း လိုအပ်နေသေးသောကြောင့် ခက်ခဲနေသည်ဟု ဆိုသည်။ ၄င်းဘာသာရေးအခြေပြုကျောင်း တက်ရောက်သင်ကြားမည့် ကျောင်းသားများမှာ အားလုံးပေါင်း အယောက်၅၀နီးပါး ရှိနေကြောင်းလည်း ထပ်မံသိရသည်။


ထို့အပြင် ၁၀တန်းမှ ၁၁တန်း၊ ၁၂တန်း တက်ရောက်မည့် ကျောင်းသားများပါ အခြားမြို့သို့ သွားရောက်ရန်မှာ အဆောင်ကြေးပင်လျှင် သိန်း ၃၀၊ ၄၀ အထိ မြင့်တက်နေသောကြောင့် လက်ရှိစစ်ရှောင်အခြေအနေဖြင့် မတက်ရောက်နိုင်ဟု အထက်ပါ စခန်းတာဝန်ခံက ဆက်ပြောသည်။


လဘန်ကထောင်စစ်ရှောင်စခန်းတွင် ပြီးခဲ့သည့် မတ်လ ၇ရက်နေ့မှ စတင်ခဲ့သော KIA၏ ထိုးစစ်ဆင်တိုက်ပွဲများကြောင့် KIAပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့၏ တိုက်ပွဲအကြား ပိတ်မိနေခဲ့ကြသည့် အောင်မြေ(၁)၊ အောင်မြေ(၂)နှင့် ရွှေညောင်ပင်‌ကျေးရွာမှ စစ်ရှောင်ပြည်သူများ ဖြစ်ကြပြီး အိမ်ထောင်စု (၁၃၂)အိမ်မှ စစ်ရှောင်လူဦးရေ ၆၀၀ ကျော်ခန့် စုပေါင်းနေထိုင်ကြခြင်း ဖြစ်သည်။


ထပ်မံ၍ ဧပြီလဆန်းတွင် ဖြစ်ပွားခဲ့သော ဝိုင်းမော် ခ.မ.ရ (၅၈)နှင့် KIAပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ပွဲကြောင့် တိမ်းရှောင်လာသူ ဝူယန်ကျေးရွာမှ ပြည်သူ (၁၀၀)ကျော်လည်း ထပ်မံရောက်ရှိနေကြပြီး ရေအခက်အခဲနှင့် ကြုံနေရကြောင်း သိရသည်။


Comments


Pajau Media

Thanks for subscribing!

bottom of page