ပါဂျောင်မီဒီယာ။
၂၈ရက်၊နိုဝင်ဘာ၊၂၀၂၄။
KIA/KIOထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့တွင် နိုဝင်ဘာ၂၅ရက်နေ့ ကျရောက်ခဲ့သည့် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့” အထိမ်းအမှတ်အဖြစ် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ဖဲကြိုးဖြူကမ်းပိန်း လှုပ်ရှားမှုများကို ယနေ့ နိုဝင်ဘာ၂၈ရက်နေ့ နံနက်အစောပိုင်းတွင် ကချင်အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဦးစီးဦးဆောင်ပြီး ပြုလုပ်နေကြောင်း သိရသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့နှင့် နိုဝင်ဘာ ၃၀ရက်နေ့တွင် ကျရောက်မည့် အရှေ့တောင်အာရှ အမျိုးသမီးများနေ့ အထိန်းအမှတ်ဖြင့် ဖဲကြိုးကမ်းပိန်း လှုပ်ရှားမှု၊ လက်ကမ်းစာစောင် ဖြန့်ဝေမှုများကို လိုင်ဇာမြို့ရှိ ကချင်အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ဦးဆောင်ကာ လမ်းမကြီးပေါ် လမ်းလျှောက်ခြင်းဖြင့် အမြင်ဖွင့်ဟောပြောခြင်း၊ လမ်းသွားလမ်းလာ ပြည်သူများကို လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါ ကမ်ပိန်းလှုပ်ရှားမှုတွင် လိုင်ဇာမြို့တွင်းရှိ အမျိုးသမီး လူဦးရေ(၁၀၀)ကျော်မှ ပါဝင်လှုပ်ရှားခဲ့ပြီး၊ ယခင်နှစ်များတွင်လည်း အဆိုပါလှုပ်ရှားမှုများကို နှစ်စဉ်ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
ထို့အပြင် ကမ္ဘာတစ်ဝှမ်းတွင်လည်း နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာ၂၅ရက်နေ့မှ ဒီဇင်ဘာ၁၀ရက်နေ့အထိ ၁၆ရက်တာ အမျိုးသမီးများအပေါ် အကြမ်းမဖက်ရေးကို ပညာပေးလှုံ့ဆော်ခြင်း ပြုလုပ်လေ့ရှိသည်။
ကမ္ဘာပေါ်ရှိ အမျိုးသမီး ၃ဦးလျှင် ၁ဦးသည် ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ခံစားနေရပြီး၊ မြန်မာနိုင်ငံတွင်လည်း အိမ်ထောင်ရှိ အမျိုးသမီး ၅ဦးလျှင် အနည်းဆုံးတစ်ဦးသည် ယင်းတို့ရင်းနှီးသော လက်တွဲဖော်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ကြုံတွေ့ခဲ့ရဖူးသည်ဟု မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်းအရ သိရသည်။
ယခုနှစ် ၂၀၂၄ခုနှစ်၏ ကျားမရေးရာအခြေပြု အကြမ်းဖက်မှုဆန့်ကျင်ရေး ၁၆ရက်တာ လှုပ်ရှားမှုအတွက် ဆောင်ပုဒ်မှာ “အကြောင်းပြချက်မရှိ အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုများ အဆုံးသတ်ဖို့ အားလုံးပူးပေါင်း ဆောင်ရွက်စို့” ဟူသည့် ဆောင်ပုဒ်ပင် ဖြစ်သည်။
Comments