top of page

အင်းတော်မြို့နယ်ရှိ မြို့မဘုန်းကြီးကျောင်းတွင် စစ်ကောင်စီမှ ပြည်သူများကို လူသားဒိုင်းကာအဖြစ်ဖမ်းဆီးထားပြီး အမျိုသမီးများကို အဓမ္မပြုကျင့်လျက်ရှိ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၆ရက်၊နိုဝင်ဘာ၊၂၀၂၄။



တစ်ကြော့ပြန် တိုက်ပွဲပြင်းထန်နေသည့် စစ်ကိုင်း တိုင်း အင်းတော်မြို့နယ်ရှိ မြို့မဘုန်းကြီးကျောင်းတွင် လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံနေရသော ပြည်သူများအနက် အချို့အမျိုးသမီးများမှာ စစ်တပ်မှ အဓမ္မပြုကျင့်ခံနေရကြောင်း ဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။


အဓမ္မပြုကျင်ခံခဲ့ရသည့် အမျိုးသမီးများထဲတွင် အိမ်ထောင်သည်မိခင်များလည်း ပါဝင်နေပြီး ထွက်ပြေးလွှတ်မြောက်လာနိုင်သော အမျိုးသမီးများလည်း ရှိကြောင်း သိရသည်။


ထွက်ပြေးလွှတ်မြေက်လာသူများထဲမှ အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးတစ်ဦးက "အခုထွက်ပြေးလာတာ ညီမတို့ မိန်းကလေးတွေကြီးဘဲ (၁၀)ယောက်ရှိတယ်။ စစ်တပ်ကုန်းမှာ ကျန်ခဲ့တဲ့ မိန်းကလေးတွေကို အတော်များများကို စစ်သားတွေက တစ်ရက်ကိုတစ်ယောက်ခေါ်ပြီး မုဒိန်းကျင့်ပေးတာ၊ အမျိုးသမီးတစ်ယောက်ဆို သူ့မှာ ကလေးနဲ့ယောက်ျားရှိတယ်၊ အဲ့ဒါကို မုဒိန်းကျင့်ပြီးတော့ သူ့ယောက်ျားကို ကျေနပ်လားဆိုပြီး မေးတာ" ဟု ငို၍ ပြောပြခဲ့သည်။


မြို့မဘုန်းကြီးကျောင်းအတွင်း လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ခံနေရသူများမှာ အမျိုးသမီး၊ အမျိုးသား အားလုံးပေါင်း ၃၀၀ကျော်ရှိနေပြီး ပထမအကြိမ် ဩဂုတ်လ ၁၆ရက်နေ့မှစ၍ ဖြစ်ပွားခဲ့သော တိုက်ပွဲကတည်းက ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်သားများက ထွက်ခွာခွင့်မပေးပဲ လူသားဒိုင်းအနေဖြင့် ပိတ်ထားခံရကြောင်း သိရသည်။


အဓမ္မပြုကျင့်ခံရသော အမျိုးသမီးများထဲတွင် Non-CDM ဝန်ထမ်းများလည်း ပါဝင်ကြောင်းနှင့် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရသော ပြည်သူများအား အချို့ရက်များတွင် ထမင်းတစ်နှပ်သာ စားခွင့်ပြုသည့်အပြင် ဗိုက်ဆာ‌၍ ငိုယိုနေသော ကလေးများ အငိုမတိတ်ပါက သေနတ်ဖြင့်ပစ်သတ်မည်ဟု ချိန်းခြောက်ပြောဆိုမှုများ ရှိနေကြောင်းလည်း နောက်ထပ်ကလေးမိခင်တစ်ဦးက ထပ်မံပြောပြသည်။


ထို့အပြင် အင်းတော်မြို့အတွင်း ကျန်ရှိနေသေးသော စစ်တပ်ကုန်းများတွင် စားနပ်ရိက္ခာများ နည်းပါးလာပြီး ရပ်ကွက်အတွင်းရှိ ပြည်သူပိုင် ကျွဲ၊နွား၊ တိရိစ္ဆာန်များအား သတ်ဖြတ်စားသောက်ကာ နေထိုင်နေကြောင်းလည်း ဒေသခံများက ပြောသည်။


တစ်လနီးပါးကြာ တိုက်ပွဲငြိမ်သက်နေသည့် ကချင်-စစ်ကိုင်းအစပ် အင်းတော်မြို့နယ်မှ စစ်ကောင်စီတပ်မ ၇၇ စခန်းချထားသည့် စစ်တပ်ကုန်းနှင့် ဘုရားကုန်းနေရာများတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁ရက်နေ့မှစ၍ ကချင်လွတ်လပ်ရေးတပ်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်တပ်တို့ တိုက်ပွဲပြန်လည် ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။


ပြီးခဲ့သည့် သြဂုတ်လ ၁၆ရက်နေ့တွင်လည်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ နဘားလမ်းဆုံစစ်စခန်းနှင့် နန့်သာရွာစခန်းတို့ကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းယူထားခဲ့ပြီးဖြစ်သည်။


သတင်း - ကချင်ပြည်သား


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page