ပါဂျောင်မီဒီယာ။
၂၉ရက်၊နိုဝင်ဘာ၊၂၀၂၄။
အင်းတော်ကြီးဒေသ လုံ့စန့်ရွာသစ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ၂၁ရက်နေ့က မိုးသီးကြွေကျခြင်းကြောင့် စပါးခင်းဧက ၃၀၀နီးပါးပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။
"စပါးရိတ်ဖို့ ရိတ်ခြွေစက်လဲအဆင့်သင့်၊ဓါတ်ဆီတွေဝယ်မရလို့ ဆီလဲကြိုစုထားပြီးသား၊ရိတ်ခါနီးတပတ်အလိုမှာဘဲ မိုးသီးဝင်မွှေသွားတာ၊ငိုတောင်ငိုချင်တယ်၊ငိုနေလဲ ဘာမှမထူးတာမို့ နှမျှောစိတ်နဲ့ အိပ်လို့တောင်မရဘူး၊ဒီနှစ်စပါးပေါ်ရင် အလှူအတန်းလုပ်မယ်၊တစ်ဦးထဲသောသားလေးကို မင်္ဂလာဆောင်ပေးမယ် ဆိုပြီးရည်ရွယ်ထားခဲ့တာ ၊အခုတော့ သဲထဲရေသွန်ဖြစ်သွားပြီ ၊ ဘာဆက်လုပ်ရမလဲတောင်မသိတော့ဘူး" လို့ စပါးခင်း ၁၀ဧက ပျက်စီးသွားတဲ့ အမျိုးသမီးတောင်သူတစ်ဦး၏ ပြောပြချက်အရသိရသည်။
အဆိုပါအမျိုးသမီးသည် သူမ၏အမျိုးသားဆုံးပါးသွားပြီးသည့်နောက်ပိုင်း သားဖြစ်သူကို ပြုစုပျိုးထောင်ပြီး ကိုယ်တိုင်လယ်ယာလုပ်ငန်းလုပ်ကိုင်နေသောအမျိုးသမီးဖြစ်သည်။
စပါးခင်း ၁၇ဧက နီးပါးပျက်စီးဆုံးရှုံးသွားသော အမျိုးသမီးတောင်သူတစ်ဦးက သူမ၏ခံစားချက်ကို...
"စပါးပေါ်ရင် အကြွေးရှိတာလေးဆပ်မယ်လို့ စိတ်ကူးထားတာ ၊အကြွေးဆပ်ပြီးရင်တော့ ကျန်တဲ့စပါးလေးနဲ့ ခေါင်းအေးအေးနဲ့အိပ်ရပြီလို့ တွေးထားတာ။အကြွေးမပေးနိုင်ရင် လယ်သိမ်းခံရမဲ့အခြေအနေဖြစ်နေပြီ၊သားက လယ်လုပ်ခါနီးကြီးမှာ စုဆောင်းရေးထဲပါသွားလို့ ခက်ခက်ခဲခဲသွားရွေးထုတ်ခဲ့ရတယ်၊သွားရွေးထုတ်ပြီးမှ လယ်လုပ်ခဲ့ရတာ၊စပါးခင်းက မိုးသီးရိုက်လို့ ဓါးဇင်လွတ်ဘဲဖြစ်သွားတယ်၊စပါးတစေ့မှမရလိုက်ဘူး၊စိတ်လဲပျက်တယ်၊စိတ်ဓါတ်လဲအရမ်းကျတယ် ၊ငိုလဲငိုမိတယ်" လို့ သူမရဲ့ခံစားချက်ကိုပြောပြပါတယ်။
မိုးသီးဒဏ်ကြောင့် တောင်သူ(၂၂)ဦးဆုံးရှုံးနစ်နာခဲ့ပြီး အဆိုပါဆုံးရှုံးနစ်နာသူများအထဲတွင် တောင်သူအမျိုးသမီး(၅)ဦးပါဝင်ကြောင်းသိရသည်။ ဆုံးရှုံးနစ်နာသွားသော တောင်သူများအနေဖြင့် စားဝတ်နေရေးခက်ခဲသည့်အခြေအနေနှင့်ရင်ဆိုင်နေရသောကြောင့် အစိုးရနဲ့အရပ်ဖက်အဖွဲ့အစည်းများဆီမှအကူညီရရန်မျှော်လင့်နေကြောင်းသိရှိရသည်။
ကချင်ပြည်သား
Comentários