ပါဂျောင်မီဒီယာ
ကချင်ပြည်နယ် အင်းတော်ကြီးဒေသ နန့်မွန်း၊မိုင်းနောင်၊ရွှေလက်ပံရွာများတွင်နေထိုင်သော လူငယ်များအား ရှမ်းနီတပ်မှစုဆောင်းရေးဆွဲခြင်း၊ လမ်းပေါ်ထွက်သူများအားသေနတ်ဖြင့်ပစ်ခတ်ခြင်းလုပ်ဆောင်နေကြောင်းသိရသည်။
"ရှမ်းနီတပ်နဲ့ PDF တပ်ဖွဲ့ဝင်တွေအပြန်အလှန်ပစ်ခတ်ကြပီးတော့ ရှမ်းနီတပ်က အရပ်သားတွေဖက်မဲပြီး လမ်းပေါ်ထွက်တဲ့သူအကုန်လိုက်ဆွဲတယ်၊မနေ့ကကားပေါ်ဆွဲတင်တာ လူငယ်20လောက်ပါသွားတယ် ၊ရွှေလက်ပံကနှစ်ယောက်ပါသွားတာ တယောက်ကတော့ပြန်လွတ်လာတယ်၊ နန့်မွန်းက တော့ အကုန်ရှောင်သွားပြီတယောက်မှမရှိတော့ဘူး။" ဟုဒေသခံအမျိုးသားတစ်ဦးကပြောသည်။
နန့်မွန်းမြို့နေပြည်သူများသည် ဟိုပင်၊ မိုးညှင်းဖက်ရှိ ဘုရားကျောင်းများ၊ဆွေမျိုးအိမ်များသို့ရှောင်တိမ်းနေရကြောင် းထပ်မံသိရသည်။
"မနေ့ညနေက KBCဘုရားကျောင်းကိုသေနတ်နဲ့ ဆယ်ချက်လောက်လာပစ်သွားတယ်၊လူတော့ထိခိုက်တာမရှိပေမယ့် လန့်ဖြန့်ပြီးသွေးတိုးလို့ အမျိုးသားတဦးဆုံးသွားတယ်။ ရွာကသက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေကို မိုးညှင်းဖက်ရှောင်ခိုင်းမလို့ လုပ်နေကြတာ၊ရှမ်းနီတပ်သားတွေက စစ်ရှောင်သလိုမျိုးအထုတ်အပိုးတွေနဲ့ဆို သွားခွင့်မပြုဘူး၊ခရီးသွားပုံစံအထုတ်မပါရင်တော့သွားခွင့်ပြုတယ်။"ဟုမိုင်းနောင်ရွာမှ အမျိူးသမီးတဦးကပြောသည်။
လက်နက်ကြီးသံများကြောင့် ထိတ်လန့်ပြီးဒေသခံများသည် တောထဲသို့ တိမ်းရှောင်နေရကြောင်းထပ်မံပြော သည်။
ဇန်နဝါရီ၂၃ရက်နေ့မှစ၍ အင်းတော်ကြီးဒေသတွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီများ မကြာခဏ စစ်ကြောင်းထိုးလာ နေကြောင်းသိရသည်။
သတင်း - ကချင်ပြည်သား
Comments