ပါဂျောင်မီဒီယာ
၂၅ရက်၊ ဧပြီလ၊၂၀၂၄ခုနှစ်။
![](https://static.wixstatic.com/media/c187ce_c1dbdeaf5e674c548739bade04d61f8d~mv2.jpg/v1/fill/w_720,h_721,al_c,q_85,enc_avif,quality_auto/c187ce_c1dbdeaf5e674c548739bade04d61f8d~mv2.jpg)
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ ညောင်ပင်ကျေးရွာတွင် နေထိုင်သည့် အသက်၁၀နှစ်အရွယ် မောင်နှစ်မနှစ်ဦးအား လူသတ်မှုဖြင့် ကျူးလွန်ခဲ့သည့် တရားခံကို ယနေ့အထိ ဖမ်းဆီးအရေးယူခြင်းမရှိဘဲ လွတ်မြောက်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၅ရက်နေ့တွင် အင်းတော်ကြီးဒေသ ညောင်ပင်ကျေးရွာတွင် နေထိုင်ကြသည့် မိသားစုမှ အသက်၁၀နှစ်အရွယ် မိန်းကလေးငယ်နှင့် အသက်၈နှစ်အရွယ် မောင်လေးဖြစ်သူတို့မှာ မိဘများ တောထဲဟင်းရှာသွားပြီး နေအိမ်တွင် ကျန်ခဲ့စဉ် သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။
"၁၀နှစ်အရွယ် မိန်းကလေးရဲ့ နားမှာပန်ထားတဲ့ နားကပ်တစ်ဖက်ကိုဖြုတ်ပြီး၊ ကျန်တဲ့တစ်ဖက်ကို ဆွဲဖြတ်သွားတာဖြစ်တယ်၊ လည်ပင်းကို ကြိုးနဲ့ရစ်ပြီး သတ်သွားတဲ့ ဒါဏ်ရာနဲ့ သေဆုံးနေတာဖြစ်တယ်။ ၈နှစ်အရွယ် ယောက်ျားလေးကိုတော့ ရွာနားက တောစက်မှာ ဒီစူဘာအိတ်နဲ့ ထုတ်ပြီးပစ်ထားခဲ့တာ၊ ဒေသက အာဏာရှိသူတွေကလဲ တရားခံကို လိုက်ရှာဖမ်းတာတွေလဲ မလုပ်ကြဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။
![](https://static.wixstatic.com/media/c187ce_c5cecbc006c742faa4742af1d891132a~mv2.jpg/v1/fill/w_720,h_550,al_c,q_85,enc_avif,quality_auto/c187ce_c5cecbc006c742faa4742af1d891132a~mv2.jpg)
သေဆုံးခဲ့ရသည့် မောင်နှမနှစ်ဦးမှာ မိဘများ တောထဲ ဟင်းရွက်ခူးသွားနေစဉ် ဖြစ်ပွားခဲ့ပြီး မိဘများတောထဲမှ ပြန်ရောက်ချိန်တွင် အမဖြစ်သူမှာ နားကပ်ဖြတ်ယူကာ ကြိုးဖြင့်တုတ်ထားသည့် ဒဏ်ရာဖြင့် သေဆုံးနေခဲ့ပြီး၊ မောင်လေးဖြစ်သူမှာတော့ နောက်နေ့ ဧပြီလ ၆ရက်နေ့ နံနက်ပိုင်းမှ တောစပ်တွင် သေဆုံးနေသည့်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
ဒေသခံများ ပြောပြချက်အရ သတ်ဖြတ်ခံရသည့် မောင်နှမနှစ်ဦး၏ မိသားစုများမှာ သာမန်မိသားစုများသာ ဖြစ်သည့်အပြင် မိဘများအနေဖြင့်လည်း သားသမီးနှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်ပြီး အထူးတလည် တောင်းဆိုကြတာမျိုး မရှိကြောင်း ပြောဆိုသည်။
ထို့အပြင် ကျေးရွာမှ အာဏာရှိသူများမှလည်း ယင်းဖြစ်စဉ်အတွက် တာဝန်ယူဖြေရှင်းပေးမှုမရှိသောကြောင့် ယနေ့အချိန်ထိ တရားခံအား ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးဘူးဟု သိရသည်။
ကျူးလွန်သည့် တရားခံအား မသိရသေးကြောင်းနှင့် ဒေသခံများ သံသယထားသည့် တရားခံမှာ အခြားဒေသမှ ရာမစိတ်ကြွ မူးယစ်ဆေးသုံးစွဲသူဖြစ်နိုင်ကြောင်း ပြောဆိုကြသော်လည်း သက်သေအခိုင်အမာနှင့် အတိအကျ မသိရဘူးဟု ဆိုသည်။
အင်းတော်ကြီးဒေသတွင် ရွှေမှော်များစွာတည်ရှိပြီး မူးယစ်ဆေးဝါး ပေါများသည့် ဒေသဖြစ်ကာ လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်သည့် နေရာဖြစ်ကြောင်း သိရသည်။
သတင်း - ကချင်ပြည်သား
Comments