ပါဂျောင်မီဒီယာ။
၂၂ရက်၊အောက်တိုဘာ၊၂၀၂၄။
နန့်မွန်း၊မိုင်းနောင်၊ ဆနွင်းကုန်း၊အင်းသာရွာများမှစစ်ရှောင်များသည် KIA ထိန်းချုပ်နယ်မြေဖြစ်သည့်ညောင်ပင်၊နတ်မောက်ကန်၊ဟဲပု ကျေးရွာများတွင် တိမ်းရှောင်နေကြရပြီး ယင်းစစ်ရှောင်များကို ကူညီမည့်အလှူရှင်များအား စစ်ကောင်စီမှ ပိတ်ပင်ထားသောကြောင့်ဆေးဝါးနဲ့ စားနပ်ရိက္ခာလိုအပ်နေသည်ဟု စစ်ရှောင်များထံမှသိရသည်။
"စားနပ်ရိက္ခာထောက်ပံ့တဲ့အဖွဲ့တစ်ဖွဲ့နဲ့ချိတ်ဆက်မိတယ်၊ဒါပေမယ့် သူတို့အဖွဲ့လာကူညီလို့မရဘူး၊ဘာလို့လဲဆိုတော့ နန့်မွန်းတောင်ထိပ်ဂိတ်၊နန်မွန်းရွာအဝင်ဂိတ်၊နန့်မွန်းဘုရားကျောင်းဂိတ်၊နန့်မွန်းစာသင်ကျောင်းဂိတ် ၊မိုင်းနောင်ပြည်သူ့စစ်ဂိတ် အဲ့ဒီနေရာတွေမှာ ရှမ်းနီပြည်သူ့စစ်တွေထိုင်နေတော့ ဘယ်လိုမှ ဖြတ်လာလို့မရဘူး ၊အဲ့ဂိတ်တွေကို ဖြတ်လာပြီးရင်တောင်မှ လုံးတုံမှ စစ်တပ်ဂိတ်အကြီးကျန်သေးတယ်၊ အင်းတော်ကြီးဒေသကို ၅/လာလို့မရဘူး၊နမ္မားသားလာလို့မရဘူး၊ကချင်လူမျိုးလာလို့မရဘူး၊ လူငယ်လာလို့မရဘူး၊ အဲ့လိုအခြေအနေဆိုတော့ တခြားကိုရှောင်မရဘဲ ပိတ်မိနေတော့တာ၊"ဟု စစ်ရှောင်အရေးတွင်ကူညီပေးနေသူကပြောသည်။
မြို့ပေါ်တိမ်းရှောင်လာသည့်အင်းတော်ကြိီးဒေသမှ စစ်ရှောင်များမှာလည်း စားဝတ်နေရေးခက်ခဲနေပြီး အလှူရှင်များ၏ထောက်ပံ့မှုကိုမျှော်လင့်နေကြောင်း သိရသည်။
သုံးလကြာတိမ်းရှောင်လာရပေမယ့် ထောက်ပံ့ကြေးတစ်ကြိမ်မှမရရှိသေးကြောင်းကို "အင်းတော်ကြီးကနေ မိုးညှင်းကိုစစ်ရှောင်လာတာ သုံးလရှိပြီ၊ ကျမတို့က ပထမဆယ်ဇင်းကနေစစ်ရှောင်ပြီး နန့်မွန်းမှာလာနေကြတာ၊နန့်မွန်းကနေ အခုနောက်တကြိမ်ပြန်ရှောင်ရတော့ စစ်ရှောင်နှစ်ဆင့်ဖြစ်နေတာ၊ မိုးညှင်းမှာ စစ်ရှောင်တွေကို ထောက်ပံ့နေတယ်ကြားပေမယ့် တခါမှထောက်ပံ့ကြေးမရဖူးသေးဘူး ၊ ကိုယ့်ဒေသမဟုတ်တော့ အလုပ်လဲရှာမလုပ်တတ်ဘူး၊မိသားစုကများ စားစရာကမရှိနဲ့ဆိုတော့ ဟိုမှာတောင်းစားရသည်မှာတောင်းစားရနဲ့ကိုဖြစ်နေပြီ"ဟု အသက်၄၅နှစ်အရွယ်စစ်ရှောင်အမျိုးသမီးကပြောသည်။
တိုက်ပွဲကြောင့် တိမ်းရှောင်သွားရသော စစ်ရှောင်များ၏နေအိမ်များဖောက်ထွင်းခံရပြီး ရှမ်းနီပြည်သူ့စစ်မှ စစ်သားစုဆောင်းရေးလုပ်ဆောင်နေသောကြောင့် နေရပ်မပြန်နိုင်သေးကြောင်းသိရသည်။
"အိမ်ကဒီတိုင်းထားပစ်ခဲ့ရတော့ ပစ္စည်းတွေခိုးယူခံရတယ်၊လယ်သိမ်းဖို့ရာလဲမပြန်ရဲဘူး၊အိမ်ကိုစိတ်မချတော့ ရွာကိုခဏပြန်သွားကြည့်တယ်၊ရှမ်းနီပြည်သူ့စစ်တွေက စုဆောင်းရေးဆွဲနေတာနဲ့ မနေရဲလို့ ပြန်ရှောင်လာရတယ်၊"ဟုအသက်၃၅နှစ်အရွယ် နန့်မွန်းမှ စစ်ရှောင်အမျိုးသားတဦးကပြောသည်။
ယင်းအခြေအနေများကြောင့်တိမ်းရှောင်လာကြရသောစစ်ရှောင်အများစုသည် အလှူရှင်များထံမှ အကူအညီများလိုအပ်နေကြောင်းထပ်မံပြောသည်။
ကချင်ပြည်သား
댓글