ပါဂျောင်မီဒီယာ။
၂၇ရက်၊နိုဝင်ဘာ၊၂၀၂၄။
စစ်ကိုင်းတိုင်း အင်းတော်နယ်ကိုဖြတ်သန်းသွားလာပြီး ကုန်သယ်နေတဲ့ ကုန်သယ်ယာဉ်တွေကို ဒေသခံအရပ်သားတွေကငွေကြေးတောင်းခံနေတယ်လို့ ကုန်သယ်နေတဲ့ ယာဉ်မောင်းတွေကပြောပါတယ်။
"မြစ်ကြီးနား-မန္တလေးလမ်းပိုင်း တိုက်ပွဲဖြစ်နေတဲ့ အင်းတော်နယ်မှာ လမ်းကြောပိတ်လိုက်တော့ ကွင်းလမ်းကနေကုန်သယ်နေရတဲ့ ကားတွေကို ဒေသခံတွေက သူတို့နယ်ကိုဖြတ်လို့ဆိုပြီး ရွာဖြတ်သန်းခအနေနဲ့ ကားတစီးကို သုံးသောင်းတောင်းနေကြတယ်။ရွာခံတွေက အုပ်စုလိုက် လမ်းမှာစောင့်ပြီးတောင်းတာဆိုတော့ မပေးလို့လဲမရဘူး၊ သူတို့ရွာနားမှာက ကွင်းလမ်း၃ခုရှိတယ်၊မိုးရွာတော့ကွင်းလမ်းနှစ်ခုကပျက်တယ်၊ ကွင်းလမ်းကောင်းတဲ့ လမ်းတနေရာကိုကျတော့ ကားအစီး(၃၀)လောက်ကိုဘဲ ဖြတ်ခိုင်းပြီး ပိတ်ပစ်လိုက်တယ်၊လမ်းမကောင်းတဲ့နေရာကနေဘဲ ဖြတ်ခိုင်းပြီး ပိုက်ဆံတောင်းကြတာ။ လမ်းမကောင်းတော့ ကားတွေက ရွံ့နှစ်ပြန်ရော၊ ရွံ့နစ်ရင် လယ်ထွန်စက်နဲ့ဆွဲဖို့ လယ်ထွန်စက်နဲ့ပါအဆင်သင့် စောင့်နေကြတယ် ၊ အေဒီဘင်ကားတစီးကို လယ်ထွန်စက်နဲ့ဆွဲခ ပိုက်ဆံသုံးသောင်းပေးရသေးတယ်၊လက်နက်ကိုင်ရှိမျှဂိတ်တွေကိုလဲ ပိုက်ဆံပေးရ၊ရွာခံတွေကိုလဲ ပိုက်ဆံပေးရနဲ့ ဂိတ်ပေါင်းစုံက သုံးပေတဂိတ်ဖြစ်နေပြီကော၊ လုပ်စားကိုင်စားရတာလဲလူပင်ပန်းစိတ်ပင်ပန်းနဲ့ အဆင်မပြေပါဘူး"လို့ အင်းတော်လမ်းပိုင်းမှာ ကုန်သယ်နေတဲ့ ကားသမားတစ်ဦးကပြောပါတယ်။
တိုက်ပွဲတွေကြောင့် စက်သုံးဆီယာဉ်တွေဖြတ်သန်းဖို့ခက်ခဲလာချိန်မှာ အင်းတော်လမ်းပိုင်းမှာ ဆိုင်ကယ်များနှင့် စက်သုံးဆီသယ်ယူနေရတဲ့ ပြည်သူတွေဟာလည်း ဂိတ်တွေများပြားပြီး ငွေကြေးတောင်းခံတာတွေ ပိုများလာတဲ့အပေါ်မှာ လုပ်ကိုင်စားသောက်ရတာအဆင်မပြေကြောင်း ပြောဆိုနေကြပါတယ်။
" ဆိုင်ကယ်နဲ့ဆီသယ်တဲ့သူတွေက ၁၈သိန်းလောက်ရင်းရတယ်၊ အရင်းအနှီးရှိလို့ လုပ်ကိုင်စားနေတာကြမဟုတ်ဘူး၊ စစ်ရှောင်ဖြစ်တဲ့အပြင် မိသားစုစားဝတ်နေရေး အတွက် ချေးငှားပြီး လုပ်စားနေရတာ၊ ဆိုင်ကယ်နဲ့ဆီသယ်ရတာက အန္တရာယ်များတယ်၊ ဆီတပေပါစာဝိတ်အလေးကြီးနဲ့ ဆီကျပြီး မီးလောင်မှာလဲ စိုးရိမ်ရတယ်၊ တိုက်ပွဲဖြစ်တာနဲ့ကြုံရင်လဲ တွေ့တဲ့နေရာမှာ ထိုးရပ်ပြီးဝပ်နေရတာ၊အရင်ကလက်နက်ကိုင်တွေဘဲ ပေးနေရတာတောင် ကိုယ့်အတွက်သိပ်မကျန်ပါဘူးဆိုမှ ရွာခံတွေကပါ ပိုက်ဆံတောင်းနေတာဆိုတော့ ကိုယ်တွေကပင်ပန်းပြီး ဘာကျန်မလဲ၊လုပ်တောင်မစားချင်တော့ဘူး ၊လက်နက်ကိုင်ပြီးတောင်းစားရမလိုတောင်ဖြစ်နေပြီ၊"လို့ ဆိုင်ကယ်နဲ့စက်သုံးဆီသယ်တဲ့ စစ်ရှောင်အမျိုးသားတစ်ဦးကပြောပါတယ်။
ဆီသယ်တဲ့လမ်းခရီးတလျှောက်မှာ အုပ်စုဖွဲ့ပြီးဓါးပြတိုက်သူတွေပါ ရှိလာကြောင်းကို...
"ဆီတိုက်ပြီးပြန်လာတဲ့လမ်းမှာ ဆိုင်ကယ်တားပြီးဓါးပြတိုက်တယ်ကြားလို့ သတိနဲ့မောင်းလာတာ၊ ကျွန်တော်နဲ့ဆီအတူသယ်တဲ့သူငယ်ချင်းက နမ္မားရောက်ခါနီး ည၇နာရီမထိုးခင်မှာ ဆိုင်ကယ်နဲ့ ကန့်လန့်ဖြတ်တိုက်ခံလိုက်ရတယ်၊သူ့ဆိုင်ကယ်က လဲသွားတော့ ဆီဝိတ်နဲ့ဆိုတော့ ချက်ချင်းမထနိုင်ဘူး ၊ လဲနေချိန်မှာ ဓါးထောက်ပြီးအုပ်စုနဲ့ ဓါးမြတိုက်တာ အိတ်ထဲပါလာတဲ့ ပိုက်ဆံ၁၅သိန်းပေးလိုက်ရတယ်၊လက်နက်ကိုင်မဟုတ်တဲ့ အရပ်သားတွေကိုကအစ ကြောက်နေရပြီ၊ စီးပွားရေးကြပ်တည်းတော့ ခိုးဆိုးလုယက်ပေါတာကလဲ ပြောမနေနဲ့တော့"လို့ အသက်၂၁အရွယ် လူငယ်ကပြောပါတယ်။
နိုင်ငံရေးမတည်ငြိမ်တဲ့အခြေအနေမှာ တရားဥပဒေစိုးမိုးမှုမရှိတဲ့အတွက် ပြည်သူတွေဟာ စားဝတ်နေရေးအတွက် အသက်ကိုရင်းပြီး ခက်ခဲစွာနဲ့ လုပ်ကိုင်စားသောက်နေရကြောင်း သိရှိရသည်။
Comments