top of page

အကျဲကျေးရွာတွင် လက်နက်ကြီးစ ထိမှန်သောကြောင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာ ရရှိခဲ့ပြီး၊ နေအိမ်တစ်လုံး မီးလောင်ပြာကျ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၈ရက်၊မတ်လ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မြစ်ကြီးနား-မိုးကောင်းလမ်းရှိ အကျဲကျေးရွာတွင် ကချင်လွတ်‌ေမြာက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့ပြီး၊ အမျိုးသမီးနှစ်ဦး လက်နက်စ ထိမှန်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။


“ဒီနေ့ နေ့လည် ၁၂နာရီဝန်းကျင်လောက်က ဖြစ်မယ်၊ ကျမတို့အိမ်နားက အဒေါ်အိမ်မှာ လက်နက်ကြီးတစ်လုံး အိမ်တွင်းမှာပဲ ကျရောက်ပေါက်ကွဲလာတာ၊ အိမ်က ဝါးအိမ်ဆိုတော့ တစ်ခုမှမကျန်ဘူး၊ အကုန်ပါသွားတယ်။ စပါးကျီ နှစ်ကျီရောပဲ။ ဘေးအိမ်ကလဲ နည်းနည်းအပေါက်ဖြစ်သွားတာတွေ ရှိတယ်၊ အိမ်တော့မပါသွားဘူး။” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။


ထို့အပြင် လက်နက်စကြောင့် မီးလောင်ပြာကျနေသည့် နေအိမ်‌တွင် မီးငြိမ်းကူနေသော အမျိုးသမီးနှစ်ဦးလည်း လက်နက်စ ထိမှန်ဒဏ်ရာရခဲ့ကြောင်း ထပ်မံပြောပြသည်။


“မီးလောင်နေတဲ့ အိမ်မှာ မီးငြိမ်းကူမယ်ဆိုပြီး ရေခပ်နေတဲ့ အဒေါ်တစ်ယောက်လည်း ဗိုက်ချပ်မှာ လက်နက်စထိမှန်ပြီး သွေးထွက်နေတယ်၊ အဲ့ကြောင့် သူ့ကိုတော့ မြစ်ကြီးနားဆေးရုံကို ခေါ်သွားကြတယ်၊ ပြီးတော့ အဘွားတစ်ယောက်ကိုလည်း ခြေဖျားနေရာမှာ ထိမှန်ပြီး ဒဏ်ရာရနေတယ်၊ သူ့ကိုတော့ အနီးအနားက ဆေးခန်းမှာ သွားပြဖို့ လုပ်နေကြတယ်။” ဟု အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။


ယနေ့နံနက်ပိုင်းအချိန်လောက်မှစ၍ KIA တပ်ရင်း ၁၁မှ အကျဲကျေးရွာ ကျောင်းကုန်းနေရာတွင် စခန်းချနေထိုင်သည့် စခန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ စစ်တပ်မှလည်း ပြန်လည်ရမ်းသမ်းပစ်ခတ်မှုများကြောင့် တစ်နာရီခန့်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


နှစ်ဖက်စစ်တပ်မှ အပြန်အလှန် လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြပြီး အကျဲကျေးရွာတွင် ၄ကြိမ်ကျရောက်ပေါက်ကွဲကာ ဒုတိယအကြိမ် ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကြောင့် ဒေသခံ နေအိမ်တစ်လုံးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။


အကျဲကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းချတပ်စွဲနေထိုင်ခဲ့ပြီး၊ အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မတ်လ ၁၃ ရက်နေ့တွင်လည်း KIA ပူးပေါင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ် တိုက်ခိုက်ကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။






3 views0 comments

Comentários


Pajau Media

Thanks for subscribing!

bottom of page