top of page

အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း အခေါက်ရွှေဈေးနှုန်း မြင့်တက်လာမှု

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁၉ရက်၊မတ်လ၊၂၀၂၄ခုနှစ်။


၂၀၂၄ခုနှစ် မတ်လ ၁၅ရက်နေ့အထိ အခေါက်ရွှေ တစ်ကျပ်သား၏ ဈေးကွက်ပေါက်ဈေးသည် ၄၁သိန်း၅သောင်းနှင့် အမြင့်ဆုံး စံချိန်တင်ဈေးနှုန်း မြင့်တင်နေသည်။


အာဏာသိမ်းကာလ သုံးနှစ်ကျော်ကာလအတွင်း အခေါက်ရွှေဈေးနှုန်းသည် ဆက်တိုက်မြင့်တက်လာခဲ့ပြီး၊ စစ်ကောင်စီအနေဖြင့် ဗဟိုဘဏ်၊ ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်း ကြပ်မတ်ရေး လုပ်ငန်းကော်မတီနှင့် ရွှေလုပ်ငန်းရှင်များ အသင်းကနေ ရွှေဈေးကွက်ကို ထိန်းကျောင်းဖို့ ကြိုးစားရင်းနှင့်သာ ရွှေဈေး သိန်း ၄၀ ကျော်သွားခဲ့ခြင်း ဖြစ်သည်ဟု Data For Myanmar က ဖော်ပြထားသည်။


ထို့အပြင် မြန်မာနိုင်ငံ၏ အဓိက ရွှေထွက်သည့်ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားနေခြင်း၊ ရွှေသယ်ယူ ပို့ဆောင်ရေးအတွက် ခက်ခဲခြင်း၊ စောင့်ကြည့်ထိန်းသိမ်းအရေးယူခြင်း စသည့် အချက်များစွာဖြင့် ရွှေရောင်းလိုအားကို အကန့်အသတ်ဖြစ်စေသည့်အပြင် ပြည်တွင်းရွှေဝယ်လိုအားက ရောင်းနိုင်သည့် ပမာဏထက် များနေခြင်းကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။


ရွှေဈေးအတက်အကျ ဖြစ်ခဲ့သည်ကို ပြန်ကြည့်မည်ဆိုလျှင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှာ အခေါက်ရွှေ တစ်ကျပ်သားကို ၁၃သိန်းကျော်သာ ရှိခဲ့ပြီး၊ ဧပြီလတွင် ၁၄သိန်း၊ မေလတွင် ၁၅သိန်း၊ ဩဂုတ်လတွင် ၁၆သိန်းနှင့် စက်တင်ဘာလတွင် သိန်း ၂၀အထိ အမြင့်ဆုံး ဈေးနှုန်းရှိခဲ့သည်။ ထို့နောက် ဈေးပြန်ကျသွားပြီး အောက်တိုဘာလမှ စက်တင်ဘာလအထိ ၁၇သိန်းနှင့် ၁၈သိန်းဝန်းကျင်တွင် အပြောင်းအလဲ ရှိခဲ့ကြောင်း Data For Myanmar၏ ဖော်ပြချက်အရ သိရသည်။


ထို့အပြင် ၂၀၂၂ခုနှစ် ဇန္နဝါရီလဆန်းပိုင်းတွင် ၁၈သိန်း၊ ဖေဖော်ဝါရီလတွင် ၁၉သိန်းနှင့် မတ်လတွင် သိန်း၂၀အထိ ပြန်လည်မြင့်တက်လာခဲ့သည်။ ဇူလှိုင်လလယ်မှစပြီး ရွှေဈေးကွက် မတည်မငြိမ် ဖြစ်ကာ ၂၁သိန်းအထိ မြင့်တက်လာပြန်သည်။ ဩဂုတ်လဆန်းပိုင်းတွင် ၂၃သိန်းမှ လလယ်ပိုင်းတွင် ၃၂သိန်းအထိ စံချိန်တင် မြင့်တက်ခဲ့ပြန်သည်။ ထို့နောက် စက်တင်ဘာလတွင် တစ်ဖြည်းဖြည်း ဈေးပြန်ကျလာခဲ့ပြီး ၃၂သိန်းမှ ၂၄သိန်းသို့ ပြန်လည်ဈေးကျကာ၊ အောက်တိုဘာလနှင့် ဒီဇင်ဘာလကုန်ပိုင်းတွင် ၂၄သိန်းမှ ၂၇သိန်းအထိ ထပ်မံမြင့်တက်လာခဲ့ကြောင်း ဖော်ပြထားသည်။


ထိုနည်းတူ ၂၀၂၃ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ပေါက်ဈေး ၂၈သိန်းရှိရာကနေ တစ်ဖြည်းဖြည်း ဈေးကွက်မြင့်တက်လာခဲ့ပြီး၊ ဇူလှိုင်လတွင် ၃၆သိန်းနှင့် ဩဂုတ်လတွင် ၃၉သိန်းအထိ မြင့်တက်ခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်းမှာ ရွှေဈေးကွက် မတည်ငြိမ်မှုတွေ ထပ်မံဖြစ်ပေါ်လာပြီး၊ စစ်ကောင်စီက ဇူလှိုင်လ၂၃ရက်နေ့တွင် နှစ်သောင်းတန် ငွေစက္ကူ ထုတ်ဝေမယ်လို့ ထုတ်ပြန်ပြီးနောက်ပိုင်း ဒေါ်လာဈေး၊ ရွှေဈေးတွေ ဆက်တိုက်မြင့်တက်လာခဲ့ပြန်သည်။


ထို့ကြောင့် ၂၀၂၄ခုနှစ် ဇန္နဝါရီလဆန်းပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားကို ၃၇သိန်း ၁သောင်းနှင့် စတင်ခဲ့ပြီး လကုန်ပိုင်းတွင် ၃၈သိန်း ၉သောင်းအထိ ဖြစ်လာခဲ့သည်။ ဖေဖော်ဝါရီလအတွင်း ဈေးကွက်ပေါက်ဈေးသည် ၃၈သိန်းနှင့် ၃၉သိန်းကြား အပြောင်းအလဲ ရှိခဲ့ပြီး၊ ယခု မတ်လ ၇ရက်နေ့တွင် ရွှေဈေးသည် သိန်း ၄၀ကျော်ကာ၊ မတ်လ ၁၅ရက်နေ့တွင် ၄၁သိန်း ၅သောင်းအထိ ဖြစ်လာခဲ့ကြောင်း ဖော်ပါထားသည်။


ပြီးခဲ့သည့် သုံးနှစ်တာ ကာလအတွင်း ရွှေဈေးနှုန်းတွေ အတက်အကျ ကြမ်းခဲ့သလို နည်းလမ်းမျိုးစုံနှင့် ထိန်းကျောင်းဖို့ ကြိုးစားခဲ့သည်ကို တွေ့ရကြောင်း Data For Myanmar က ဖော်ပြထားသည်။




Commenti


Pajau Media

Thanks for subscribing!

bottom of page