top of page
Writer's picturePajau Media

အောက်တိုဘာလဆန်းအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းအတွင်း မိုးများပြီး ရေကြီးရေလျှံမှုများထပ်မံဖြစ်ပေါ်နိုင်

ပါဂျောင်မီဒီယာ

၁ရက်၊အောက်တိုဘာ၊၂၀၂၄။



မြန်မာနိုင်ငံအတွင်း ရာဂီမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့ရပြီး၊ လက်ရှိ ပြန်လည်ထူထောင်ရေး စတင်နေကြချိန်ဖြစ်ပေမယ့် အောက်တိုဘာလဆန်းအတွင်း ရေကြီးရေလျှံမှုများ ထပ်မံကြုံတွေ့လာနိုင်ချေရှိသောကြောင့် ပြည်သူများ သတိရှိစေရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ၏ နောက်ဆုံးရက်တွေ သတိပေးထုတ်ပြန်ထားသည်။


မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ စက်တင်ဘာ၃၀ရက်နေ့တွင် လေ့လာဆန်းစစ်ချက်အရ အောက်တိုဘာတစ်ရက်နေ့မှ ငါးရက်နေ့အတွင်း မြန်မာတစ်နိုင်ငံလုံးနီးပါးအထိ နေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်ကြား မိုးကြီးပြီး လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။


အထူးသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများနှင့် မြစ်ငယ်၊ မြစ်ချောင်းအနီးတွင် နေထိုင်ကြသူများမှာ မြေပြိုမှု၊ ရေကြီး၊ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် သတိပေးထုတ်ပြန်ထားသည်။


လက်ရှိမြန်မာနိုင်ငံ ပြည်သူများမှာ စက်တင်ဘာလအတွင်း ရောက်ရှိလာသည့် ရာဂီမုန်တိုင်းကြောင့် တစ်ရွာလုံးနီးပါး မြေပြိုပျက်စီးခဲ့ရခြင်းနှင့် နေအိမ်သိန်းချီ ပျက်စီးခဲ့ရခြင်းများကြောင့် ပြန်လည်ထူထောင်ရေးများ လုပ်ဆောင်နေသည့်အချိန်ဖြစ်သဖြင့် ရေကြီးရေလျှံမှုများ ထပ်မံဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြရသည်။




ရာဂီမုန်တိုင်းကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် ပြည်သူ (၄၃၃)ဦး အသက်သေဆုံးခဲ့ရပြီး၊ (၇၉)ဦးမှာ ပျေက်ဆုံးနေဆဲဖြစ်ကြောင်း စစ်ကောင်စီ၏ မီဒီယာများက ထုတ်ပြန်ထားခဲ့သည်။ သို့သော် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဝန်ကြီးဌာနက ယခုထက်ပိုမိုများပြားနိုင်ပြီး လူထောင်နှင့်ချီပျောက်ဆုံးသေဆုံးနေဆဲ ဖြစ်ကြောင်း ပြန်လည်ထုတ်ပြန်ထားသည်။


မြန်မာနိုင်ငံတွင် ရေဘေးကြောင့် ပြည်သူသန်းချီ ရေဘေးဒုက္ခကြုံတွေ့ခဲ့ရပြီး၊ လူမူအကူအညီများစွာ လိုအပ်နေဆဲ ဖြစ်သည်။


2 views0 comments

Comments


bottom of page