top of page
Writer's picturePajau Media

သဘာဝဘေးဒဏ်ကို အလူးအလဲခံနေရသည့်မြန်မာ

ပါဂျောင်မီဒီယာ (သတင်းဆောင်းပါး)

စက်တင်ဘာလ၊ ၂၉ရက်၊ ၂၀၂၄ ခုနှစ်။



ကမ္ဘာ့ရာသီဥတု ဆိုးရွားဖောက်ပြန်ပြောင်းလဲလာတာနဲ့အမျှ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေကလည်း တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာပြီး ရေသံသရာလည်တာမြန်ဆန်လာတဲ့အတွက် နောက်ဆက်တွဲ အနေနဲ့ အချိန်အခါမဟုတ် မိုးရွာတာ၊ မြစ်ရေကြီးတာတွေဟာ ဆိုးရွားစွာ ကြုံတွေ့နေရတယ်လို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တွေက ပြောပါတယ်။


မြန်မာနိုင်ငံမှာ မိုးဦး၊ မိုးလယ် နဲ့မိုးနှောင်း ကာလသုံးခုမှာ နှစ်စဉ်ရေကြီးရေလျှံဖြစ်လေ့ရှိပြီး အခုနှစ် မိုးလယ်ကာလ ဇူလိုင်၊သြဂုတ်၊စက်တင်ဘာလ အထိ နိုင်ငံတဝန်း စံချိန်တင်မြစ်ရေကြီးခဲ့တာကြောင့် ရေဘေး ဒုက္ခသည်အရေအတွက်လည်း တရှိန်ထိုး တိုးတက်သွားခဲ့ပါတယ်။


ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ ကချင်ပြည်နယ် အထက်ပိုင်းဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မေခ၊ မလိခမြစ်ရေကြီးလာရာကနေ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့ရဲ့ စိုးရိမ်ရေအမှတ်ထက် ၆ ပေကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ ရေတွေတစ်ဟုန်းထိုးမြင့်တက်လာရခြင်းသည် ကချင်အထက်ဒေသမှာ တစ်ပတ်ခန့် ဆက်တိုက်ရွာသွန်းခဲ့ပြီး အရင်နှစ်တွေထက် မိုးရေချိန် ၁၀ ဆပိုများခဲ့တယ်လို့ ကချင်ပြည်နယ် မိုးဇလက ထုတ်ပြန်ထားပါတယ်။


ကချင်ပြည်နယ်အထက်ပိုင်းမှာ ရွာသွန်းချတဲ့မိုးရေတွေဟာ မြစ်ရေအဖြစ်အထိန်းအကွပ်မဲ့ လျှံကျလာတဲ့အတွက် မြစ်ကြီးနားမြို့နယ်ထဲက အင်ဂန်းကျေးရွာ၊ ခန်းပူကျေးရွာက လူနေအိမ် ၁၀၀ ဝန်းကျင်ထိခိုက်ပျက်စီးခဲ့သလို ဝိုင်းမော်မြို့ မိုင်းနားကျေးရွား၊ နောင်တာလောကျေးရွာ၊ ခတ်ချိုကျေးရွာ၊ စန်းကား ကျေးရွာနဲ့ မိုင်းမော၊ တာစန့်ကျေးရွာ မြစ်ကမ်းနံဘေး လူနေအိမ် ၂၀၀ ကျော် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။


အလားတူ ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်း နောင်ချိန်းစစ်ရှောင်ခန်းအပါအဝင် စစ်ရှောင် နေအိမ်ခန်း တစ်ချို့ရေထဲ မျောပါသွားခဲ့ပြီဖြစ်ပါတယ်။ ရေကြီးမှုကြောင့် ဆောက်လုပ်ပြီးဆဲ အဆောင်တန်းလျားများ ရေနှစ်မြုပ်ပျက်စီးသွားတာ ကြောင့် စစ်ရှောင်ပြည်သူတွေ မှာ အခက်ခဲများစွာကြုံတွေ့ခဲ့ရသည်။


ဒါ့အပြင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ကချင်ပြည်နယ်အထက် မြစ်ကြီးနား–ဆွမ်ပရာဘွမ်သွားလမ်း ဆိုင်ကယ်၊ကားဖြတ်သွား၍ မရအောင်ပျက်ဆီး ခဲ့ရပြီး လက်ရှိအချိန်ထိ လမ်းပြန်လည်ပြင်လို့ မပြီးသေးပဲ ကားအသေးများသွားလာနိုင်သည့်အခြေအနေအထိပဲ ရှိသေး တာဖြစ်ပါတယ်။


မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်မြစ်ကြီးနား– ချီဖွေ– ဆော့်လော်– လန်ဆယ်– ကမ်းဖန့်သွားလမ်းတွေမှာ တောင် နှစ်လုံးပြိုကျလာတဲ့ ရုပ်သံကလည်း လူမူကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့လာခဲ့ပြီး ခေတ်အဆက်ဆက်တောင်ပြိုတဲ့ဖြစ်စဉ် မှာ အဆိုးဆုံးကြုံခဲ့ရသည့်အခြေအနေဖြစ်ပါတယ်။


သဘာဝဘေးဒဏ်ကို တစ်နှစ်ထက်တစ်နှစ် ဆုံးရွားစွာတွေ့ကြုံလာရတာဟာ သဘာဝ ပတ်ဝန်းကျင်ပျက်ဆီးခြင်းပိုမိုဆိုးရွားလာတာကြောင့်တွေ့ကြုံရသည့် နောက်ဆက်တွဲ ဆိုးကျိုး တစ်ရပ်ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင် ပညာရှင်တွေက ပြောဆိုကြသည်။ကချင်ပြည်နယ်ဒေသအပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ သဘာဝသယံဇာတပျက်စီးတာ၊ ရေပေါ် ရေအောက် မြေပေါ်မြေအောက် မြေဆီမြေနှစ် များ ကုန်ဆုံးသွား သည့်အတွက် မကြုံစဖူးရေကြီး ရေလျှံမှု အဆိုးဆုံးအခြေအနေ တွေ့ကြုံကြရတာဖြစ်ပါတယ်။


ကချင်မှာ အာဏာသိမ်းပြီး နောက်ပိုင်း ကချင်ပြည်နယ်အတွင်း စက်ယန္တရားတွေအပါအဝင် ရွှေတူးဖော်တာတွေကို မြစ်ဆုံအထက်အောက် ဆွမ်ပရာဘွမ်၊အင်ဂျန်းယန် နှင့် ပူတာအို၊မလိခမြစ်ရိုးတစ်လျှောက် စက်ယန္တရားကြီးတွေနဲ့ တူးနေတာ၊ ရေငုတ်ကျင်းတူးတာ၊ ကုန်းပေါ်မှာတူးတာ မြစ်ကမ်းနံဘေး အဆက်မပြတ်တူးဖော်မှု ပိုပြီးဆိုးရွားလာတာကိုတွေ့ရသည်။


အဆက်မပြတ် တူးဖော်မှုကြောင့် ရေထိန်းနံရံ၊ ရေစီးလမ်းကြောင်းများပျက်စီးခြင်း၊ ကျောက်ဆောင်တွေ၊ ကမ်းပါးပြိုကျ ပျက်စီးသွားတဲ့အတွက် အရှိန်နဲ့ စီးဆင်းလာတဲ့မြစ်ရေတွေကို တားဆီးပေးတဲ့ ကျောက်ဆောင်၊ ကျောက်တန်းတွေဟာ ပျက်စီးသည့်အတွက် မြန်မာပြည်အထက်ဘက်မှာ မိုးတစ်ပတ်ခန့်ရွာ သွန်းတာနဲ့မြစ်ရေတွေ အထိန်းအကွပ်မဲ့တစ်ဟုန်ထိုး စီးဆင်းလာမှုကြောင့် ကြိုတင်ပြင်ဆင်ချိန်မရပဲ ပျက်စီးဆုံးရှုံးမှုတွေ များနေတယ် လို့ သဘာ၀ပတ်ဝန်းကျင် အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။


“စစ်တပ်အာဏာသိမ်းပြီး ရွှေတူးတာ အရမ်းဆိုးဝါးသွားလို့ ရေကမ်းပါးတွေ မရှိတော့တာကြောင့် ချက်ချင်းတိုက်ရိုက် ပြည်သူတွေဆီ ဆိုးကျိုးရောက်တယ်လို့ ရင်ထဲခံစားနေရတယ်။ ကိုယ်ကျိုးအတွက်နဲ့ တိုင်းပြည်အတွက် ဆိုပြီး ရွှေတူး၊ ကျောက်တူး၊ ပယင်းတူး၊ မြေရှားတူးပြီး သစ်တောတွေကို ဒီလိုပဲ ဆက်ပြုန်းတီးနေမယ်ဆိုရင်တော့ ကျနော်တို့ ကချင်ပြည်နယ်ဟာ ၁၀ နှစ်မကြာတော့ဘူး ဒီထက်ပိုပျက်စီးဖို့ဘဲကျန်တော့တယ်”




လက်ရှိ မေခမြစ်နဲ့မလိခမြစ်ရေတွေဟာ ရွှေအလွန်အကျွံတူးဖော်မှုတွေကြောင့် မြစ်ရေစီးကြောင်း ပုံပျက်နေပြီဆိုတာကို အားလုံးမြင်တွေ့သည့်အတိုင်းပါ။ ၂၀၂၄ ခုနှစ်ရဲ့ ဧရာဝတီမြစ်ရေကြီးရတဲ့အကြောင်းရင်းကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ ပူနွေးခြင်း (Global Warming) ရဲ့ ဆိုးကျိုးလည်းပါဝင်သလို အဓိက ကချင်ပြည်နယ်အထက်ပိုင်း သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ပျက်စီးတာတွေနဲ့ တိုက်ရိုက်သက်ဆိုင်တယ်လို့ ကချင်ပြည်နယ်မှာရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အရပ်ဘက်အဖွဲ့စည်းတွေ ကထောက်ပြပါတယ်။


စစ်ကောင်စီတပ်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေဟာ မိမိထိန်းချုပ်စိုးမိုးထားတဲ့နေရာတွေမှာ ရွှေတူးဖော်တာ၊ ကျောက်စိမ်းတူးတာ၊ သစ်ထုတ်တာတွေပြုလုပ်လာတာ ဆယ်စုနှစ်တစ်စုကြာ အဆက်မပြတ် ထုတ်ယူနေကြတာဖြစ်တယ်လို့ သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေးတရားမျှတမှု လုပ်ဆောင်သူတွေက သုံးသပ်ပါတယ်။


အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ မြေရှားသတ္တု၊ ပယင်း၊ ရွှေ၊ သစ် စတဲ့ သယံဇာတ တူးဖော်ထုတ်လုပ်မှုတွေ သိသိသာသာမြင့်တက်လာသလို တရားမဝင် ရွှေတူးဖော်မှုက ၁၀ ဆကျော် များလာတယ်လို့ ကချင်ပြည်နယ်အခြေစိုက် သယံဇာတ တူးဖော်မှုတွေကို စောင့်ကြည့်နေတဲ့ Kachin State Accountability Resource Governance (K-SAG) အဖွဲ့က ဒီနှစ် ဧပြီလ ထဲ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ထားပါတယ်။


ဒီလိုရာသီဥတု ဖောက်ပြန်မှုတွေဟာ သဘာဝပတ်ဝန်းကျင် ပြုန်းတီးပျက်စီးမှုတွေနဲ့ ဆက်စပ်နေတာကြောင့် ပြည်တွင်းစစ် ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ သက်ဆိုင်ရာဌာနတွေကလည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး မလုပ်နိုင်သလို အရင်ရှိခဲ့တဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့လည်း နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှု မရှိတာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုပိုင်းမှာ အားနည်း သွားတယ်လို့ သဘာဝပတ်ဝန်းကျင်ရေးရာ ပညာရှင် များ သုံးသပ်ပြောဆိုနေကြပါတယ်။


မြန်မာနိုင်ငံမှာ စက်တင်ဘာလ အတွင်း မြို့နယ်ပေါင်း (၃၃၀) ကျော်ရှိသည့်အနက် “ရာဂီ”မုန်တိုင်း အရှိန်ကြောင့် ရေကြီးရေလျှံမှုများ တိုင်းနှင့်ပြည် နယ်အသီးသီးရှိ မြို့နယ်ပေါင်း(၅၃)မြို့နယ်ထက် မနည်း တွင် ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စက်တင်ဘာ (၂၄) အထိရရှိထားသည့်စာရင်းများအရ သေဆုံးသူ ၄၁၉ ယောက်အထိ ရှိပြီး၊ လူနေအိမ်(၁၆၈၇၀၄)လုံး ရေဝင်နစ်မြုပ်ခဲ့ရသလို လူဦးရေပေါင်း (၁၆၁၅၉၂)ဦးသည်လည်း ရေဘေးရှောင်နေရသည့်အပြင် လယ်ယာစိုက်ပျိုးသီးနှံဧကပေါင်း ခုနစ်သိန်းကျော် ရေနစ်မြုပ်ပျက်စီးမှုရှိ ‌ကြောင်းထုတ်ပြန်ထားပါသည်။


မြန်မာနိုင်ငံဟာ လက်ရှိမှာ အုပ်ချုပ်ရေး၊ ငွေရေးကြေးရေး၊ နည်းပညာဆိုင်ရာအပါအဝင် အဖွဲ့အစည်းတွေရဲ့ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်တွေ ကျဆင်းနေတာကြောင့် သဘာဝဘေးကို ကျော်လွှားနိုင်ဖို့ အရမ်းကို ခက်ခဲနေတယ်လို့ ပညာရှင်တွေက ဆိုထားပါသည်။ စစ်ရေးပဋိပက္ခ နှင့် ရေဘေးကြောင့်လက်ရှိမြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီများ အရေးတကြီးလိုအပ်နေတာကြောင့် ထပ်တိုးရန်ပုံငွေတွေရဖို့ ကြိုးပမ်းနေတယ်လို့လည်း UNOCHA က ထုတ်ပြန် ထားပါတယ်။


Comments


bottom of page