ပါဂျောင်မီဒီယာ
၂၈၊ ၈၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_b2482aba04854418b6ac41b0e180507c~mv2.jpg/v1/fill/w_843,h_536,al_c,q_85,enc_auto/c187ce_b2482aba04854418b6ac41b0e180507c~mv2.jpg)
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ PDF တပ်ရင်းများနှင့် ပကဖ များက ဩဂုတ်လ (၂၅) ရက်နေ့တွင် အပြည့်အဝ တိုက်ခိုက် ထိန်းချုပ် သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။
ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးမှ “သပိတ်ကျင်းတို့ မိုးကုတ်တို့ဆိုတာ စစ်ကောင်စီရဲ့ အလယ်ပိုင်း ကျောရိုးလို့တောင်ပြောလို့ရတယ်ဗျ ... အခု တော်လှန်ရေးတပ်ဖွဲ့တွေက အခုလို ထိန်းထားနိုင်ပီဆို ဒီအထက်ပိုင်းကို မြစ်ကြီးနားအပါအဝင်တခြား မိုးကောင်းတို့ ပင်ဘော၊ ဟိုပင်၊ မိုးညှင်း၊ မော်လူး၊ မော်ဟန် စတဲ့ လမ်းကြောကြီးမှာ ရှိတဲ့ မြို့လေးတွေ KIA အနေနဲ့ သိပ်ကြာကြာ တိုက်ရမှာ မဟုတ်ဘူး” ဟု ဆိုပါသည်။
ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ပြင်ဦးလွင်ခရိုင်အမှတ် (၁) တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်အမှတ် (၂) တပ်ရင်း၊ အမှတ် (၅၀၉) တပ်ရင်း၊ အမှတ် (၅၁၀) တပ်ရင်း၊ အမှတ် (၅၁၂) တပ်ရင်း၊ မန္တလေးခရိုင်အမှတ် (၅) တပ်ရင်း၊ မန္တလေးတိုင်းဒရုန်းတပ်ဖွဲ့၊ သပိတ်ကျင်း ပကဖ၊ အမှတ် (၁) ရွှေဘိုဒရုန်း၊ ကန့်ဘလူခရိုင်ပကဖအဖွဲ့တို့ ပူးပေါင်းပြီး ဩဂုတ်လ (၁၇) ရက်နေ့က စတင်ကာ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း NUG မှ ထုတ်ပြန်ထားသည်။
ဩဂုတ်လ (၁၉) ရက်နေ့တွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း မြို့ဦးတောင် စေတီ သို့ လက်ကျန် ရန်သူများ ဆုတ်ခွာ ခံစစ်ဆင်ခဲ့သဖြင့် ဩဂုတ်လ (၂၅) ရက်နေ့တွင်မှ အဆိုပါ တောင်ကုန်းအပါအဝင် တမြို့လုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ကြောင်း ဒေသခံစစ်ရေးသတင်းမှဖော်ပြခဲ့သည်။
သပိတ်ကျင်း မြို့သိမ်းတိုက်ပွဲတွင် ရန်သူ့ ထံမှ လက်နက်မျိုးစုံ (၆၃) လက်၊ မော်တာ (၅) လက်၊ ကျည်မျိုးစုံ (၁၈၆၆၉) တောင့်၊ RPG-7 ဒုံးသီး (၃၆) လုံး၊ RPG-7 ပို့ကျည် (၃၁) တောင့်၊ ၆၀ မမ (ပြောင်းရှည်) မော်တာ ဗုံးသီး (၃၁) လုံး၊ ၆၀ မမ (ပြောင်းတို) မော်တာ ဗုံးသီး (၁၁) လုံး၊ ဂျန်မာ စက် (၃) လုံး၊ စစ်မြေပြင် ဆက်သွယ်ရေးစက် (၁) ခု သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ကြော်ငြာထားသည်။
ထို့အပြင် စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် မြို့နယ် (၃) ခု ၏ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး စိုးမင်းသူ (ကြည်း-၃၄၅၄၂) အား ဖမ်းဆီးနိုင်ခဲ့ကာ နိုင်ငံတကာစစ်ဥပဒေများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်းနှင့် စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု (၈) ကြိမ် ရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများနှင့်ပကဖ အဖွဲ့များက မြို့ကို အောင်မြင်စွာ ထိန်းချုပ် နိုင်ကြောင်း သိရှိရသည်။
Comments