ပါဂျောင်မီဒီယာ
၁၂ရက်၊အောက်တိုဘာ၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_df9361dd8b6e4385927428122212e06e~mv2.jpg/v1/fill/w_500,h_500,al_c,q_80,enc_auto/c187ce_df9361dd8b6e4385927428122212e06e~mv2.jpg)
စစ်ကောင်စီမှ ကချင်ပြည်နယ် ဒေသအချို့တွင် သန်းခေါင်စာရင်းများ ကောက်ခံနေသည့်အပြင် တနိုင်းမြို့နယ်တွင်လည်း သန်းခေါင်စာရင်းကောက်ခံမည့် ခေါင်းစဉ်ဖြင့် တနိုင်းမြို့အတွင်း စစ်တပ်အင်အား လှုပ်ရှားမှုများ ယခုရက်ပိုင်းအတွင်း ဝေဝေဆာဆာ လုပ်ဆောင်နေကြောင်း သိရသည်။
သန်းခေါင်စာရင်းကောက်ခံမည့်အချိန်ကို တစ်နိုင်ငံလုံး အောက်တိုဘာတစ်ရက်နေ့မှ ဆယ့်ငါးရက်နေ့အထိ ကောက်ခံမည်ဖြစ်ကြောင်း သတ်မှတ်ထားသလို တနိင်းဒေသ နေရာအတော်များများတွင် စာရင်းကောက်ခံပြီးသလောက်ရှိနေပြီး၊ စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ခံနေချိန်ကာလအတွင်း အချို့ဒေသခံများကို မေးမြန်းဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။
တနိုင်းမြို့တွင် အောက်တိုဘာ၉ရက်နေ့က စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့မှ သန်းခေါင်စာရင်းကောက်ခံမည့် ခေါင်းစဉ်ဖြင့် ကျေးရွာရပ်ကွက်များတွင် လုံခြုံရေးအတွက်ဟုဆိုကာ အင်အားလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည်။ ထို့အပြင် အင်အားလှုပ်ရှားမှုများ လုပ်ဆောင်နေချိန်တွင် လမ်းသွားလမ်းလာပြည်သူများကို ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများ ပြောပြသည်။
တနိုင်းဒေသတွင် အခြေစိုက်လှုပ်ရှားနေသည့် မင်းဇင်သန့်ပြည်သူ့စစ်မှာလည်း တနိုင်း-လီဒိုလမ်းတစ်လျှောက် ဝါရာဇွပ်နှင့် ရှဒူးဇွပ်ကျေးရွာအတွင်း စစ်အင်အားပြ စစ်ရေးလှုပ်ရှားမှုများ ပုံမှန်လုပ်ဆောင်နေခဲ့သည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။
မင်းဇင်သန့်ပြည်သူ့စစ်မှ ယခုကဲ့သို့ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည်ကို ဒေသခံများက “အရင်နှစ်တွေမှာ အခုလို စစ်အင်အားပြ စစ်ရေးလှုပ်ရှားမှုတွေ လုပ်တာကို သိပ်မတွေ့ဖူးဘူး။ အခုစစ်ရေးလှုပ်ရှားမှုမှာတော့ အမျိုးသမီးတွေလည်း ပါဝင်လာတာကို တွေ့နေရတယ်” ဟု ပြောသည်။
တနိုင်းဒေသတွင် မင်းဇင်သန့်ပြည်သူ့စစ်တပ်ဖွဲ့များ နေရာယူထားပြီး၊ ရှဒူးဇွပ်ကျေးရွာ၊ စံပြကျေးရွာနှင့် ရှဒူးဇွပ်တံတား သုံးနေရာတွင် စခန်းချ တပ်စွဲနေရာယူထားသည်။
ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များမှာ ရှဒူးဇွပ်ကျေးရွာအနီးနှင့် ဝါရာဇွပ်ဝန်းကျင်နေရာများတွင် ဒရုန်းဖြင့် ကင်းလှည့်စောင့်ကြည့်မှုများ ပုံမှန်လုပ်ဆောင်နေခြင်းကြောင့် စစ်ရေးပိုမိုတင်းမာလာမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။
Comments