ပါဂျောင်မီဒီယာ
၇ရက်၊မေလ၊၂၀၂၄ခုနှစ်။
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်ဒေသရှိ ခ.လ.ရ(၄၆)တပ်စခန်းကို မေလ(၅)ရက်နေ့တွင် တိုက်ခိုက်သိမ်းယူနိုင်ခဲ့သော်လည်း KIAပူးပေါင်းတပ်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည့်အပြင် လေယာဉ်ဗုံးကျဲမှု အန္ဒရာယ်မှ သတိထားရမည့် အခြေအနေဖြစ်သောကြောင့် စစ်ရှောင်ပြည်သူများ မိမိနေရပ်သို့ မပြန်လာနိုင်သေးကြောင်း ရှေ့တန်းသတင်းရင်းမြစ်တစ်ဦး ပြောပြချက်မှ သိရသည်။
ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေထိုင်သည့် စစ်ရှောင်ပြည်သူများမှာ မိမိဒေသ လုံခြုံရသည့်အချိန်နှင့် ကချင်လွတ်မြောက်ရေးတပ်(KIA)မှ နေရပ်ပြန် နေထိုင်ရန် ခွင့်ပေးပြီးမှသာလျှင် မိမိဒေသသို့ ပြန်နေထိုင်ရန် စိတ်ဆုံးဖြတ်ထားကြသည်ဟုလည်း စစ်ရှောင်နေသူတစ်ဦးမှ ယခုလိုပြောသည်။
“ကျနော်တို့က အခြေအနေကို နည်းနည်းစောင့်ကြည့်ပြီးမှပဲ လမ်းတွေဖွင့်ပြီ လုံခြုံရေးအတွက် နဲနဲလောက်ဖြစ်ဖြစ် ကောင်းလာပြီဆိုတာနဲ့ ပြန်လာနေထိုင်ဖို့ တွေးထားကြတယ်၊ အခုအခြေအနေက လေယာဉ်လည်း စိုးရိမ်ရသေးတယ်၊ လက်တွေ့လုပ်ဆောင်နေတဲ့ တာဝန်ရှိသူတွေ ပြန်လာနေလို့ ရပြီဆိုမှ ပြန်လာကြဖို့ စိတ်ဆုံးဖြတ်ထားကြတယ်”
စစ်ရှောင်များမှာ မိုးတွင်းကာလရောက်ရှိလာသည့်အပြင် လက်ရှိခိုလှုံနေကြသည့် နေရာများတွင် မိုးကာတဲ၌သာ ခိုလှုံနေကြရသောကြောင့် လုံခြုံရေးမရှိကြောင်းနှင့် တောတွင်း ခြင်၊ ဖြုတ်ကောင်များ ပေါများခြင်းကြောင့် ကလေးငယ်များ ဖျားနာမှုများလည်း ပိုမိုတိုးလာကြောင်း အထက်ပါ စစ်ရှောင်က ဆက်ပြောသည်။
“အခု တောထဲမှာက မိုးကာတဲတွေ ဆောက်ပြီးနေနေကြတယ်၊ မိုးရွာလာပြီဆို ခက်ခဲတာတွေက အများကြီးပဲ၊ မိုးကာတွေလည်း သိပ်မလောက်တော့ တဲငယ်လေးတွေမှာပဲ အားလုံးစုပေါင်းပြီး နေနေကြတာ၊ တစ်ခြားကျန်းမာရေးက ခြင်တွေ၊ ဖြုတ်တွေ အရမ်းများတယ်ဆိုတော့ ကလေးငယ်တွေ တုတ်ကွေး၊ ငှက်ဖျား ဖျားနာလာတာတွေ ခုနောက်ပိုင်း ပိုများလာတယ်။ အခုဒီကာလထက် ပိုရှည်မယ်ဆိုရင်တော့ ကျန်းမာရေးအတွက် စိုးရိမ်စရာ ဖြစ်နေတယ်။”
စစ်ရှောင်များမှာ တာဝန်ရှိသူများမှ ပြန်နေထိုင်ခွင့် ပြုပြီးမှ မိမိနေရပ်သို့ ပြန်ကြမည်ဖြစ်ပြီး မည်သည့်အချိန်ထိ ယခုကဲ့သို့ တောတွင်း နေထိုင်ကြရမည်ကိုတော့ မသိရသေးကြောင်းနှင့် လက်ရှိ စစ်ရှောင်များမှာ စားသောက်ကုန်နှင့် ဆေးဝါးများ များစွာ လိုအပ်နေသည်ဟု ဆိုသည်။
ဆွမ်ပရာဘွမ်ဒေသတွင် ပြီးခဲ့သည့် ဧပြီလ (၁၆)ရက်နေ့မှစ၍ နှစ်ဖက်စစ်တပ်၏ ထိုးစစ်ဆင်တိုက်ပွဲများ ပြင်းထန်လာပြီး ဆွမ်ပရာဘွမ်ဒေသမှ ပြည်သူ (၁၃၀၀)နီးပါးမှာ ဘေးလွတ်ရာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
သတင်း - ဟူးကောင်း
Комментарии