ဝါရာဇွပ်ကျေးရွာတွင် မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့များ ဆက်လက်နေရာယူတပ်စွဲပြီး စစ်ရေးလှုပ်ရှားနေ
- Pajau Media
- Apr 7
- 1 min read
ပါဂျောင်မီဒီယာ။
၇ရက်၊ဧပြီလ၊၂၀၂၅။

တနိုင်း-လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာတွင် ဟူးကောင်းဒေသ၌လှုပ်ရှားနေသည့် မင်းဇေသန့်ပြည်သူ့စစ်တပ်ဖွဲ့များက ဧပြီလ ၄ရက်နေ့ကတည်းက နေရာယူတပ်စွဲလာပြီး ကျေးရွာအတွင်း လှုပ်ရှားကာ ဒေသခံနေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်နေကြောင်း သိရသည်။
“ဝါရာဇွပ်မှာက ဘယ်သူမှမရှိတော့ဘူး။ ဧပြီ ၃ရက်ကနေ့ကတည်းကနေ မင်းဇေသန့်ပြည်သူ့စစ်တွေ စလာတိုက်တဲ့နောက်ပိုင်း ၄ရက်နေ့ ညနေပိုင်းမှာတော့ ရွာအထဲမှာပြည်သူ့စစ်တပ်ဖွဲ့တွေ တပ်စွဲနေပြီ။ အိမ်ခြေ၆အိမ်လောက်ကိုလည်း မီးရှို့တယ်လို့သိရတယ်၊ ရွာကိုပြန်လာလို့မရ၊ အခုက ဖြတ်သွားဖြတ်လာလမ်းကိုလည်း ဝါရာဇွပ်ရွာကနေ ဖြတ်သွားလို့မရတော့ဘူး။” ဟု ဝါရာဇွပ်ဒေသခံတစ်ဦးက ပြောသည်။
ဝါရာဇွပ်ကျေးရွာတွင် ယခင်က မည်သည့်အဖွဲ့အစည်းဘက်မှ တပ်စွဲနေရာယူထားခြင်းမရှိခဲ့ပေမယ့် ပြီးခဲ့သည့် မတ်လ ၂ရက်နေ့က KIAဘက်မှ ကျေးရွာအဝင်အထွက်နေရာတွင် ဂိတ်စခန်းချ နေထိုင်လာပြီးနောက် ပြည်သူ့စစ်များ စတင်တိုက်ခိုက်လာကာ စစ်ရေးတင်းမာသွားခြင်း ဖြစ်သည်ဟုဆိုသည်။
ထို့အပြင် မြစ်ကြီးနား-လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ၃၁ရက်နေ့တွင် ဝင်ရောက်နေရာယူ တပ်စွဲနေထိုင်သည့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့များကိုလည်း KIAတပ်ဖွဲ့က ဧပြီလဆန်းတွင် တိုက်ထုတ်ခဲ့ပြီးဖြစ်သည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့များက ကချင်ပြည်နယ် ဗန်းမော်နှင့်အင်းတော်ဒေသများအပါအဝင် နေရာဒေသအများအပြားကို နေ့စဉ်နီးပါးလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေဆဲဖြစ်သည်။
ထို့အပြင် စစ်ကောင်စီတပ်မှ စစ်ကိုင်းအစပ် ကသာဒေသတွင်လည်း စစ်အင်အားတိုး လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်နေပြီး၊နေ့စဉ်လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေသောကြောင့် ကသာမြို့တွင်း တိုက်ပွဲဖြစ်ပွားလာမည်ကို ပြည်သူများ စိးရိမ်နေသည်ဟု ဆိုသည်။
သတင်း - ပီလမ့်အူ
コメント