ပါဂျောင်မီဒီယာ
![](https://static.wixstatic.com/media/c187ce_958730548a2f402faedba6d528ca3b8a~mv2.jpg/v1/fill/w_607,h_738,al_c,q_85,enc_auto/c187ce_958730548a2f402faedba6d528ca3b8a~mv2.jpg)
ဝိုင်းမော်မြို့အတွင်း ပြည်သူ့စစ်များ အင်အားစုဆောင်းခြင်း လိုက်လံဖမ်းဆီးမှု အသင့်အတင့် ဖြစ်ပေါ်လာသောကြောင့် ရပ်ရွာအတွင်းရှိ ပြည်သူများ စိုးရိမ်ကြောက်လန့်နေရသည်ဟု ရပ်ကွက်သတင်းရင်းမြစ်များဆီမှ သိရသည်။
ဝိုင်းမော်ရှိ ပြည်သူ့စစ်များ၏ အင်အားစုဆောင်းခြင်း လိုက်လံဖမ်းဆီးမှုများမှာ နိုဝင်ဘာလဆန်းမှစကာ၊ ယခုရက်ပိုင်းတွင် ပိုမိုများပြားလာခြင်းကြောင့် လူငယ်များအပါအဝင် ဒေသခံပြည်သူများ သွားသတိလာသတိ သွားလာလှုပ်ရှားနေရသည်ဟု ဆိုသည်။
တမြန်နေ့ ဒီဇင်ဘာ၄ရက်နေ့၌လည်း ဝိုင်းမော်မြို့ပြင် တန်ဘောင်ရပ်ကွက် (LBC)နှစ်ခြင်းဘုရားကျောင်းရှေ့ နေထိုင်သူ ဦးဇယ်ဒေါင်(အမည်လွဲ)ကို နေ့လည် ၁၁နာရီ ၃၀မိနစ်ခန့်အချိန်တွင် နေအိမ်အတွင်း အနားယူနေစဉ် ပြည်သူ့စစ် အဖွဲ့တစ်ဖွဲ့မှ အင်အား(၃) ဦး ဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့သူတစ်ဦး ပြောပြချက်အရ သိသည်။
“သူက နေ့လည်အိမ်မှာတရေးအိပ်နေတဲ့အချိန် သေနတ်တွေနဲ့လာဖမ်းသွားတာ အိမ်မှာယောက်ကျားသားက သူတစ်ယောက်ထဲဘဲ။ မိန်းမနဲ့အမျိုးသမီးတွေဘဲရှိတယ်။ ယောက်ကျားကိုဖမ်းသွားတော့ သူ့မိန်းမကငိုပြီးကျန်ခဲ့တယ်။ အမျိုးသမီးတွေလည်း ကြောက်လန့်ပြီး ဘာမှပြန်မပြောနိုင်ကြဘူး။ သူ့ကိုကြိုးနဲ့တော့မတုပ်ဘူး။ ဒီတိုင်းကားပေါ်ခေါ်တင်သွားတယ်” ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။
ဝိုင်းမော် ဝါးရှောင်လမ်း တစ်နေရာတွင် အိမ်တွင်းပစ္စည်းရောင်းချသူ ရွာသားတစ်ဉီးမှလည်း ယမန်နေ့ နေ့လည်ပိုင်းတွင် ပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့မှ ဝိုင်းမော် အထက(၁)ကျောင်း အနောက်ဘက်ရှိ မဒိန်ကျေးရွာအပါအဝင် ရပ်ကွက်လမ်းကြိုလမ်းကြားအတွင်း လမ်းနေပြည်သူများအား လိုက်လံဖမ်းဆီးနေကြောင်း ပြောဆိုထားပါသည်။
"ကျောင်းအနောက်လမ်းမှာ မှန်လုံကားအဖြူနဲ့ လိုက်ဖမ်းနေတာကားအပြည့်ပဲ ၁၀ယောက်ကျော်လောက်ရှိမယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူ အထက်ပါက ပြောသည်။
ပြည်သူ့စစ်အဖွဲ့များသည် ယခင်လက မြို့စွန်ရပ်ကွက်များတွင်သာ လိုက်လံဖမ်းဆီးမှုများ ရှိခဲ့သော်လည်း ယခုရက်ပိုင်းတွေမှာ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ရပ်ကွက်(၂)၊ ရပ်ကွက်(၃)၊ ရပ်ကွက်(၄)၊ ရပ်ကွက်(၅)တွင်မှာလည်း လိုက်လံဖမ်းဆီးနေပြီဖြစ်ကြောင်း ဒေသခံများ ပြောဆိုနေကြသည်။
ဦးရွှေမင်း(ခ) ဆီဖာလာလူးမှ ဦးဆောင်သော ပြည်သူ့စစ်များသည် အောက်တိုဘာ ၃၀ရက်နေ့၌ လီဆူလူမျိုးတိုင်း တစ်အိမ်တစ်ယောက် စစ်သားမလုပ်မနေရ ထုတ်ပြန်ချက်အား ထုတ်ပြန်ခဲ့ပြီးနောက်၊ ဝိုင်းမော်မြို့အတွင်းရှိ လီဆူလူမျိုး လူငယ်များမှာ မိမိနေအိမ်တွင် မနေရဲတော့ဘဲ လုံခြုံရေး စိတ်ချရသည့် အသိများ၏ နေအိမ်များတွင် ညအိပ်ခိုလှုံ တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။
ယင်းထုတ်ပြန်ချက်အား မလိုလားသည့် ဝိုင်းမော်ြမို့အတွင်းရှိ လီဆူလူငယ်များနှင့် နိုင်ငံရပ်ခြားသို့ ရောက်ရှိနေသော လီဆူလူငယ်များမှလည်း ဒီဇင်ဘာလ(၃)ရက်နေ့၌ ဦးရွှေမင်းပြည်သူ့စစ်ခေါင်းဆောင်၏ ထုတ်ပြန်ချက်ကို ကန့်ကွက်သည့် ထုတ်ပြန်ချက်စာတစ်စောင် ထုတ်ပြန်ခဲ့သေးသည်။
ယင်းထုတ်ပြန်ချက်ထဲမှာ “လီဆူလူငယ်များအား အတင်းအဓမ္မ တပ်သားစုဆောင်းမှု ရပ်တန်းကရပ်ပါ။” “ကျွန်တော်တို့ လီဆူလူငယ်တွေရဲ့ အနာဂတ်ကို မသတ်ပါနဲ့။” “အတင်းအဓမ္မခေါ်ဆောင်ခြင်း ခံရတဲ့ လူငယ်တွေကို ပြန်လွှတ်ပေးပါ။” “လီဆူအမျိုးသား စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့မှ လူကြီးတွေ၊ လူငယ်တွေရဲ့ အနာဂတ်ကို လျစ်လျှူရှုမထားပါနဲ့။” “အသံတိတ်မနေပါနဲ့။” “ဘာသာရေး ခေါင်းဆောင် အဖွဲ့အစည်းတွေ အနေနဲ့လည်း ဓမ္မဘက်က ရပ်တည်ပါ။” “မြန်မာနိုင်ငံအတွင်း နေထိုင်ကြတဲ့ လီဆူညီအစ်ကိုတွေနဲ့ နိုင်ငံခြားရောက်လီဆူလူမျိုးတွေအနေနဲ့ ရွှေမင်းရဲ့ လုပ်ရပ်ကို ရပ်တန့်နိုင်ဖို့ ကူညီဆောင်ရွက်ပေးပါ။” ဟူသည့် ကြွေးကြော်သံများ ပါရှိထားပါသည်။
ပုံ - မြစ်ကြီးနားသတင်းဂျာနယ်
Comments