ပါဂျောင်မီဒီယာ
ကချင်ပြည်နယ် ဝိုင်းမော်မြို့အတွင်းရှိ ရပ်ကွက်လမ်းကြားများပေါ်တွင် မူးယစ်ဆေး သုံးစွဲသူ ပိုမိုများပြားလာပြီး၊ ပေါ်ပေါ်ထင်ထင် ရောင်းဝယ်လာကြသည်ဟု ခါ့တန်ရပ်ကွက်နေ ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။
စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှ စ၍ ရပ်ကွက်အတွင်း လိုက်လံဖမ်းဆီးမှုများ၊ ထိန်းသိမ်းစောင့်ရှောက်မှုများ မရှိသည့်အပြင် သုံးစွဲသူများတွင် လူငယ်များအပါအဝင် သက်ကြီးရွယ်အို လူကြီးများနှင့် အသက်မပြည့်သေးသည့် ကလေးငယ်များ ပါဝင်လာနေကြောင်းနှင့် ယခုရက်ပိုင်းအထိ ကျေးရွာ၏ လမ်းကြိုလမ်းကြားများပေါ်တွင် ဆေးသမားများ ပေါ်ပေါ်ထင်ထင် စုဝေးပြီး အုပ်စုလိုက်သုံးစွဲ လာကြသည်ဟု ပြောသည်။
“အာဏာမသိမ်းခင်ကတော့ ရဲတွေ ခဏခဏ လာဖမ်းလို့ ဆေးရောင်းသူနှင့် ဆေးဝယ်သူတွေ မရှိသလောက် ဖြစ်သွားတယ်။ အခုတော့ လမ်းပေါ်မှာ မမြင်ချင် အဆုံးပဲ ဆေးသမားတွေထဲမှာ အရွယ်ကောင်း အမျိုးသားတွေ အများဆုံးပဲ မသန်စွမ်းတစ်ချို့လည်း ပါတယ်” ဟု ခါ့တန်ဒေသခံ တစ်ဦးက ပြောသည်။
ယင်းအာဏာသိမ်းချိန်မှ စ၍ ဝိုင်းမော်မြို့အတွင်း ဆေး သုံးစွဲသူများနှင့် ရောင်းဝယ်ကြသူများမှာ လျော့ ပါး လာသည်မရှိဘဲ၊ စီးပွားရေးအဖြစ်သို့ပင် အသွင်ပြောင်းလာကာ လူငယ်များလည်း ကြောက် ရွံ့ မှုမရှိ လမ်းများပေါ်တွင် အုပ်စုလိုက် သုံးစွဲလာကြသည်ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ခါ့တန်ရပ်ကွက် လမ်းကြိုလမ်းကြား နေရာများနှင့် မြို့နယ်အားကစားကွင်း လမ်းများပေါ်တွင် မူးယစ်ဆေးရောင်းသူများနှင့် ဝယ်ယူသုံးစွဲသူများ အမြဲမပြတ်ရှိနေကြောင်းကို ဆီလီရပ်ကွက်နေ ဒေသခံတစ်ဦးမှလည်း ယခုလို ပြောသည်။
“အာဏာသိမ်းပြီးနောက်ပိုင်း ဒီလမ်းတွေပေါ်မှာ ဆေးသမားတွေ ပိုများလာတယ်၊ အရင်ကတော့ တစ်ယောက်တစ်လေပဲ လာတယ်၊အခုတော့ အုပ်စုလိုက်ပဲ” ဟုပြောသည်။
စစ်တပ်အာဏာမသိမ်းခင် အချိန်မှာ ရပ်မိရပ်ဖများနှင့် သက်ဆိုင်ရာ လူကြီးများမှ မူးယစ်ဆေးရောင်းဝယ်မှုကို လိုက်လံဖမ်းဆီး အရေးယူမှု မကြာ ခဏ ပြုလုပ်သဖြင့် မူးယစ်ဆေး ရောင်းဝယ်သူများနှင့် သုံးစွဲသူများ လျော့ပါးလာသော်လည်း အာဏာသိမ်းပြီး နောက်ပိုင်း ရှာဖွေဖမ်းဆီး အရေး ယူမှုမရှိသောကြောင့် ရပ်ကွက်အတွင်း မူးယစ်ဆေး ရောင်းဝယ်သုံးစွဲကြသူများ ဦးရေ အရင်ထက် ပိုမိုများပြားလာရခြင်း ဖြစ်သည်ဟု ဆိုသည်။
နိုင်ငံရေး အကြပ်အတည်း၊ စီးပွားရေး အခက်အခဲများနှင့် အလုပ်အကိုင် အဆင်မပြေသည့် ပြသနာများမှာ အရွယ်ကောင်း အမျိုးသားများနှင့် လူငယ်များကို စိတ်လေလွင့်စေပြီး မူးယစ်သားကောင်ဘဝသို့ ရောက်စေခြင်း ဖြစ်သည်ဟု ဝိုင်းမော်မြို့ရှိ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
သတင်း - လေပြေ
Comments