ပါဂျောင်မီဒီယာ
၂၄ရက်၊ဇွန်လ၊၂၀၂၄ခုနှစ်။
![](https://static.wixstatic.com/media/c187ce_4a4f6d2b7d2241c5a96b18d325db2a5c~mv2.jpg/v1/fill/w_980,h_1091,al_c,q_85,usm_0.66_1.00_0.01,enc_auto/c187ce_4a4f6d2b7d2241c5a96b18d325db2a5c~mv2.jpg)
ဝိုင်းမော်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူအများစုမှာ မြစ်ရေနှင့်မိုးရေကိုသာ အသုံးပြုနေရသည်အပြင် သောက်သုံးရေသန့် မရရှိသောကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ငှက်ဖျား အဖြစ်များနေကြောင်း သိရသည်။
ဝမ်းပျက်ဝမ်းလျှောရောဂါ ခံစားနေရသူများမှာ ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများဖြစ်ပြီး အင်ဂန်းကျေးရွာတွင် စစ်ရှောင်နေကြသည့် နောင်ဟီးစစ်ရှောင်စခန်းမှာတော့ လူဦးရေတစ်ထောင်ဝန်းကျင်မှာ ၃၀၀နီးပါးက ဝမ်းပျက်ဝမ်းလျှော ဖြစ်နေကြသည်ဟု ဆိုသည်။
သက်ဆိုင်ရာ အဖွဲ့အစည်းများမှ သောက်ရေသန့် ကူညီထောက်ပံ့မှု အနည်းငယ်ရရှိသော်လည်း သုံးရေနှင့် အချက်အပြုတ်အသုံးပြုရာမှာတော့ မြစ်ရေကိုသာ အသုံးပြုနေကြသည်သာမက မိုးရာသီကာလရောက်လာသောကြောင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ နာမကျန်းဖြစ်လာရသည်ဟု ဆိုသည်။
ယင်းထဲတွင် အချို့မှာ မိုးရာသီကာလ ရောက်ရှိလာသည့်အလျောက် လက်ရှိမှာ ငှက်ဖျားဖျားနာသူများပါ ရှိလာသည်ဟု စစ်ရှောင်များက ပြောသည်။
အင်ဂန်းကျေးရွာတွင် စစ်ရှောင်နေကြသူ နောင်ဟီးစစ်ရှောင်များမှာ ယခင်က မိုးရာသီမရောက်မီအချိန်တွင် မြစ်ရေကိုသာ အသုံးပြုခဲ့ကြပြီး၊ ယခုမိုးရာသီအချိန်တွင် မိုးရေကိုပါထပ်မံအသုံးပြုနေကြသည်ဟု ဆိုသည်။
အလားတူ မြစ်ကမ်းနားတစ်လျှောက် စစ်ဘေးရှောင်ကြသည့် ရွှေညောင်ပင်၊ အောင်မြေ(၁)၊ (၂)နှင့် တာလောကြီးကျေးရွာမှ စစ်ရှောင်များတွင်လည်း မြစ်ရေကိုသာ အဓိကအသုံးပြုနေကြရသောကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်လာကြပြီး၊ ကိုယ်ထူကိုယ်ထ စစ်ဘေးရှောင်ကြသည့် ဝါရှောင်ကျေးရွာမှ စစ်ရှောင်များလည်း အဖြစ်များနေကြကြောင်း သိရသည်။
ထို့ကြောင့် စစ်ဘေးရှောင်များမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေကြသည့်အပြင် အချို့စစ်ရှောင်များမှာ ငှက်ဖျားအထိပါ ဖျားနာလာကြပြီး ဆေးရုံသို့ပို့ဆောင်ကာ ဆေးကုသခံယူနေသူများလည်း ရှိနေသည်။
လက်ရှိတွင် စစ်ရှောင်စခန်းနေရာတိုင်းမှာ ဓါတ်ဆားနှင့် ဆေးဝါးအကူအညီများ၊ မိုးကာများ၊ သောက်ရေသန့်များနှင့် အစားအသောက် အကူအညီများ လိုအပ်နေဆဲ ဖြစ်ကြောင်း စစ်ရှောင်များထံမှ သိရသည်။
Comentarios