ပါဂျောင်မီဒီယာ
၆ရက်၊ ဇွန်လ၊ ၂၀၂၄ ခုနှစ်။
ဝိုင်းမော်မြို့ ရှိဒေသခံပြည်သူများသည် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ မတ်လ (၇)ရက်နေ့တွင်ထပ်မံစတင်ဖြစ်ပွားလာသော တစ်ကျော့ပြန် တိုက်ပွဲများကြောင့် ယခုနှစ်အတွင်း လယ်ယာလုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲလျက်ရှိကြောင်းသိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA/KPDF) ပူးပေါင်းတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများအားလုံးနီးပါး ဘေးလွတ်ရာနေရာများသို့ စစ်ဘေးရှောင်နေကြရပြီး၊ မိုးတွင်းကာလရောက်လာသည်နှင့်အညီ လယ်ယာလုပ်ငန်းစတင်လုပ်ကိုင်ရမည့်အချိန်ဖြစ်သော်လည်း နေရပ်စွန့်ကာစစ်ဘေးရှောင်နေရသဖြင့် ယခုနှစ်အတွက်လယ်ယာလုပ်ငန်းမလုပ်ကိုင်နိုင်တော့သည့်အပြင် လာမည့်နှစ်များတွင်လည်း ပို၍ခက်ခဲလာနိုင်ခြေရှိသောကြောင့် ဒေသခံများစိုးရိမ်နေကြသည်။
ဝိုင်းမော်မြို့ရှိ စစ်ကောင်စီ၏ ခ.လ.ရ (၃၂၁) တပ် ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ သိမ်းပိုက်ရရှိသည်နှင့် တစ်ပြိုင်နက် စစ်ကောင်စီတပ်မှ ဝိုင်းမော်မြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သည်သာမက လမ်းခရီးပိတ်ဆို့မှုများပါ ပြုလုပ်ထားသောကြောင့် ယခုကဲ့သို့ ရပ်ရွာသို့ပြန်ကာ လယ်ယာလုပ်ငန်းများလုပ်ကိုင်၍မရခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။
၂၀၁၉ သန်းခေါင်စာရင်းအရ ဝိုင်းမော်မြို့တွင် ရပ်ကွက်ပေါင်း (၁၃) ရပ်ကွက် နှင့် ကျေးရွာပေါင်း (၄၀) ခုရှိသည့်အပြင်၊ ဝိုင်းမော်မြို့နယ်ထဲတွင် ကျေးရွာအုပ်စုပေါင်း (၂၀၀) ဝန်းကျင်ခန့်ရှိကာ လူဉီးရေ (၁၂၀,၀၀၀)ခန့် မှီတင်းနေထိုင်သည့် မြို့နယ်ဖြစ်ကြောင်းသိရသည်။
Comments