ပါဂျောင်မီဒီယာ
၆၊ ၉၊၂၀၂၄။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းအုပ်စု ခမ်းဘူကျေးရွာနှင့် မလိယာန်ကျေးရွာ ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် လူထုအခြေပြု စိုက်ပျိုးမွေးမြူရေးမြေနေရာ Community Farming (CF)များတွင် ရွှေလုပ်ငန်းရှင်များ ဝင်ရောက်ရွှေတူးဖော်လာခြင်းကြောင့် မြေနေရာပျက်စီးဆုံးရှုံးမှု များစွာရှိနေသည်ဟု ဒေသခံများက ပြောသည်။
“အိမ်ထောင်စုတစ်စုက တစ်ဧကလောက်ရောင်းလိုက်ပြီဆို နောက်ဆက်တွဲ ကျန်တဲ့မြေပိုင်ရှင်တွေက မရောင်းချင်ရင်လည်း မဖြစ်မနေ ရောင်းရတယ်။ ဘာလို့ဆို မရောင်းရင်လည်း ရွှေတူးရင်း ကိုယ့်မြေနေရာတွေမှာ ရောက်လာတော့မှာလေ။ အဲလို့ဆို အလကားမြေပါသွားမဲ့ အတူတူ ရောင်းချကြရတာပေါ့။ ဆိုတော့ အဲလိုနဲ့ CF နေရာတွင် တစ်ဖြည်းဖြည်းကုန်လာတယ်။ အခုဆို တစ်ဝက်လောက်က ရွှေလုပ်ငန်းရှင်တွေ ဝယ်ထားပြီးသား မြေတွေ ဖြစ်သွားပြီ။” ဟု မလိယာန်ဒေသခံတစ်ဦးက ပြောသည်။
လူထုအခြေပြု စိုက်ပျိုးမွေးမြူရေးနေရာမြေသည် ဒေသခံများ တောင်ယာလုပ်ငန်းနှင့် အခြားစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်စားသောက်ကြသည့် မြေနေရာဖြစ်ပေမယ့် ရွှေလုပ်ငန်းရှင်များ ဝင်ရောက်လုပ်ကိုင်လာပြီးနောက် ရွှေတူးဖော်မှုများ အလွန်အကျွံ လုပ်ကိုင်လာကြပြီး၊ မြေနေရာပျက်စီးဆုံးရှုံးမှု များလာခြင်းဖြစ်သည်။
ရွှေလုပ်ငန်းရှင်များ ရွှေတူးဖော်လုပ်ကိုင်ပြီးသည့် မြေနေရာများတွင် အခြားစိုက်ပျိုးရေး မဖြစ်ထွန်းသောကြောင့် လယ်ယာ၊တောင်ယာလုပ်ငန်းနှင့် အခြားစိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ခြင်း မရှိတော့ကြောင်း ဒေသခံများ ပြောသည်။ ထို့အပြင် လုပ်ငန်းရှင်များ ဝယ်ယူပြီးသည့်မြေနေရာများတွင်လည်း လက်ဖြင့် ရွှေကျင်ရွှေဝိုင်းသည့် ဒေသခံများကို ရွှေကျင်ခွင့်မပြုကြောင်း သိရသည်။
ခမ်းဘူကျေးရွာနှင့် မလိယာန်ကျေးရွာမှ ဒေသခံ အိမ်ထောင်စုငါးဆယ်နီးပါး လုပ်ကိုင်စားသောက်နေကြသည့် ခန့်မှန်းခြေဧက တစ်ရာကျော်မှ နှစ်ရာနီးပါးရှိသည့် (CF)မြေနေရာတွင် ရွှေလုပ်ငန်းရှင်များမှာ ၂၀၂၃ခုနှစ်အစောပိုင်းအချိန်မှ စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး၊ ဒေသခံများထံ တစ်ဧကသိန်းသုံးဆယ်မှ လေးဆယ်ကြား ဈေးဖြတ်ဝယ်ယူပြီး၊ ရွှေတူးဖော်ခြင်းလုပ်ငန်းများ လုပ်ကိုင်လာခြင်းဖြစ်ကြောင်း သိရသည်။
Comments