top of page

ဝိုင်းမော်မြို့တွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များ ထပ်တိုးလာသည်ဟု ဒေသခံများပြော

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂၁၊ ၈၊၂၀၂၄။



ဝိုင်းမော်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လူသူမရှိ တိတ်ဆိတ်ခဲ့သည့် ဝိုင်းမော်မြို့နယ်ရှိ အချို့ကားလမ်းပိုင်းနေရာများတွင် စစ်တပ်၏စစ်ဆေးရေးဂိတ်နှင့် ပူးပေါင်းတပ်ဖွဲ့ဂိတ်များ ၅နေရာထက်မနည်း ထပ်တိုးလာကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


ဝိုင်းမော်ဒေသခံများမှာ ပြီးခဲ့သည့် မတ်လ၇ရက်နေ့တွင် ကချင်လွှတ်မြောက်ရေးတပ်(KIA)နှင့် အာဏာရစစ်ကောင်စီ၏ ထိတွေ့တိုက်ပွဲများကြောင့် ပထမအကြိမ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး၊ မေလ၂၁ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ကိုယ်ထူကိုယ်ထ ဘေးလွှတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။


ယင်းနောက်ပိုင်းမှစပြီး ဝိုင်းမော်ြမို့နှင့် မြစ်ကြီးနားသွား လမ်းပိုင်းဖြစ်သည့် နန့်မြစ်ချောင်းတံတား၏ အဝင်၊ အထွက်များတွင် စစ်တပ်မှ ဂိတ်စခန်းနှစ်နေရာချကာ နေထိုင်ပြီး၊ ဝိုင်းမော်ြမို့အဝင်နေရာတွင်လည်း စည်ပင်နှင့်စစ်တပ်ပူးပေါင်းဂိတ်တစ်ခု ထပ်မံချကာ ဖြတ်သန်းသွားလာနေသည့် ကုန်တင်ကားများကို ဂိတ်ကြေးကောက်ခံနေသည်ဟု ဆိုသည်။


ထို့အပြင် ဝိုင်းမော်-ဆဒုံးလမ်းမပေါ်ရှိ ဝူယာန်ပြည်သူ့စစ်စခန်းအနီးတွင် ပူးပေါင်းစစ်ဆေးရေးဂိတ်တစ်ခု ထပ်မံစခန်းချကာ ဂိတ်ကြေးကောက်ခံနေလျက်ရှိပြီး၊ ဖြတ်သွားဖြတ်လာနေသည့် ဒေသခံများကိုပါ တင်းကြပ်စွာ စစ်ဆေးမေးမြန်းလျက်ရှိသည်ဟု ဆိုသည်။


ယခုနှစ် မတ်လ၇ရက်နေ့တွင် စတင်ခဲ့သည့် ကချင်လွှတ်မြောက်ရေးတပ်(KIA)၏ ထိုးစစ်ဆင်တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့ရှိ ခ.မ.ရ ၃၂၁ တပ်စခန်းအပါအဝင် ဝိုင်းမော်-လိုင်ဇာလမ်းမပေါ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံး တပ်ဆုပ်ထားခဲ့ရပေမယ့် အများပြည်သူသွား လမ်းမပေါ်ဖြစ်သည့် ဝိုင်းမော်မှ မြစ်ကြီးနားသွား အချို့လမ်းပိုင်းနေရာမှာတော့ စစ်တပ်၏ စစ်ဆေးရေးဂိတ်များ ထပ်မံတိုးချဲ့ကာ ငွေကြေးကောက်ခံမှုများ ရှိနေခြင်းဖြစ်သည်။


ပြီးခဲ့သည့် မတ်လ၇ရက်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် ကျေးရွာများမှာ ဝိုင်းမော်-လိုင်ဇာ လမ်းတစ်လျှောက်ရှိ ခါးရှိ၊ အင်းလေး၊ အောင်မြေ ၁၊ အောင်မြေ ၂၊ ရွှေညောင်ပင်၊ ဂါးရာယန်၊ ကဇူးယန်၊ ဒဘတ်ယန်, ကန်တော်ယန်နှင့် နမ်ဆန်ယန် စသည့် ကျေးရွာများ ဖြစ်ပြီး၊ ချီဖွေ၊ ဆဒုံးလမ်းမပေါ်ရှိ မဒိန်၊ ခကွမ်၊ ဝူယန်၊ မုတ်ကျိတ်၊ လမြန်၊ နမ့်ဝါ၊ လဘန်၊ ဝါရှောင်နှင့် မြစ်ကမ်းဘေးရှိသည့် ခတ်ချို၊ မခန္တီး၊ နောင်ဟီး၊ စန်းကား၊ တာမခန်း၊ ခန့်လုံ စသည့် ကျေးရွာများမှ ပြည်သူများ အားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီးဖြစ်သည်။


ယင်းအချိန်ကတည်းက ဝိုင်းမော်ပြည်သူအများစု ထွက်ပြေးတိမ်းရှောင်သွားသောကြောင့် ဝိုင်းမော်-ကန်ပိုင်တည်သွားလမ်းတွင် လမ်းသွားလမ်းလာပြည်သူများ မရှိသလောက်ရှားပါးသွားခဲ့သလို တရုတ်နယ်စပ် ကန်ပိုင်တည်ဘက်မှ လာသည့် ဆီဘောက်ဆာကားများနှင့် ကုန်တင်ကားအချို့သာ ဖြတ်သွားဖြတ်လာရှိခဲ့သည့်အပြင် အိမ်စီးကားဖြတ်သန်းသွားလာမှုများ မရှိသလောက် ဖြစ်နေသည်ဟု ဝိုင်းမော်ဒေသခံများထံမှ သိရသည်။


0 views0 comments

Comments


Pajau Media

Thanks for subscribing!

bottom of page