ပါဂျောင်မီဒီယာ
၂၄ရက်၊မတ်လ၊၂၀၂၅။
ဝိုင်းမော်မြို့နယ်၊ လမြန်ကျေးရွာအနီး KIAပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဝိုင်းမော်ဒေသတွင် ဇခုန်တိန်းယိန်းပြည်သူ့စစ်နှင့် ပူးပေါင်းတပ်ဖွဲ့များ စစ်အင်အားဖြည့်တင်းနေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
မတ်လ၂၂ရက်နေ့တွင် လမြန်ကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဇခုန်တိန်းယိန်း ပြည်သူ့စစ်တပ်ဖွဲ့နှင့် စစ်တပ်ပူးပေါင်းတပ်ဖွဲ့များမှာ အင်အားအလုံးအရင်းဖြင့် ပြန်လည်စစ်ကြောင်းထိုး လှုပ်ရှားလာခြင်းဖြစ်သည်ဟု ဆိုသည်။
ရှေ့တန်းသတင်းရင်းမြစ်များ ပြောဆိုချက်အရ ကချင်ပြည်နယ်၏ အရေးပါဆုံး နယ်စပ်ဂိတ်ဖြစ်သည့် ကန်ပိုင်တည်နယ်စပ်ဂိတ်ကို ပြန်လည်သိမ်းပိုက်နိုင်ရန် ဦးဇခုန်တိန်းယိန်းနှင့် စစ်ကောင်စီတပ်ဖွဲ့များက ပူးပေါင်းကာ ပြန်လည်စစ်ကြောင်းထိုး တိုက်ခိုက်လာခြင်းဖြစ်သည်ဟု သိရသည်။
“ဒီဇခုန်တို့သားအဖက ကန်ပိုင်တီကို ရအောင်ပြန်သိမ်းမယ်ဆိုပြီး စစ်ကောင်စီနဲ့ ပေါင်းပြီး ဒီလမြန်ဘက်မှာ အရင်လာပစ်သလို လာတိုက်ခိုက်ကြတာဖြစ်တယ်” ဟု အထက်ပါ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၁၇ရက်နေ့ကတည်းက ဝိုင်းမော်ဒေသဘက်ကို မြစ်ကြီးနားဘက်မှ စစ်ကောင်စီ စစ်ကား(၁၀)စီးအပြည့်၊ စစ်အင်အားအလုံးအရင်းဖြင့် အင်အားတိုးမြင့် လှုပ်ရှားလာခဲ့ပြီးနောက် မတ်လ၂၂ရက်နေ့တွင် လမြန်ကျေးရွာအနီး KIAနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
“အခု ဒီဝိုင်းမော်ဘက်မှာ စစ်ကောင်စီတွေက စစ်အင်အားတို့ လက်နက်၊ စားနပ်ရိက္ခာတွေ အရမ်းဖြည့်တင်းနေတာတွေ့တော့ ဒီဘက်တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီးကြောက်မိတယ်။ တစ်ခါတစ်လေဆို လေယာဉ်၊ ဒရုန်းတို့နဲ့ ဗုံးတွေလာကြဲတော့ ပိုပြီးကြောက်မိတယ်’’ ဟု ဝိုင်းမော်ဒေသခံ အမျိုးသမီးတစ်ဦးမှလည်း ဆက်ပြောသည်။
ဒေသခံများမှလည်း စစ်ကောင်စီတပ်ဖွဲ့များမှ မတ်လဆန်းကတည်းက စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ် လုပ်ဆောင်လာသည့်အပြင် လက်နက်၊ဒရုန်းနှင့်လေယာဉ်တို့ပါ တိုက်ခိုက်လာခြင်းကြောင့် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြရသည်ဟု ဆိုသည်။
လက်ရှိ စစ်တပ်ပူးပေါင်းတပ်ဖွဲ့မှ ဝိုင်းမော်မြို့ရှိ နေရာအသီးသီးတွင် စစ်အင်အား၊ စစ်ရေးအသုံးအဆောင်ပစ္စည်းနှင့် စားနပ်ရိက္ခာများ ဖြည့်တင်းနေကာ ရံဖန်ရံခါ ဒရုန်း လေယာဉ်ဗုံးနှင့် လက်နက်ကြီးများပါ လာရောက်ပစ်ခတ်နေသည်။
တစ်ဖက်မှာလည်း ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး KIAက ဗန်းမော်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်ဆဲဖြစ်သလို စစ်တပ်မှလည်း လက်မလွတ်ရေးအ အပြင်းအထန် ခုခံတိုက်ခိုက်နေဆဲ ဖြစ်သည်။
သတင်း - ဖရိန်း
Comments