ပါဂျောင်မီဒီယာ။
၂၈ရက်၊မတ်လ၊၂၀၂၅။

မြစ်ကြီးနား-လီဒိုလမ်းမပေါ်ရှိ လဝါးကျေးရွာတွင် စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များအထိုင်ချ နေထိုင်နေပြီး KIAတပ်ဖွဲ့နှင့် စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း စစ်ရှောင်လာသည့် လဝါးဒေသခံတစ်ဦးထံမှ သိရသည်။
စစ်ကောင်စီတပ်များမှာ လဝါးကျေးရွာအထက်ပိုင်းရှိ တပ်စခန်းဟောင်းနေရာတွင် ထပ်မံတပ်စွဲနေရာယူရန် လုပ်ဆောင်လာသည်ကို KIAဘက်မှ သဘောမတူဘဲ အပြန်အလှန် စစ်ရေးတင်းမာနေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“လဝါးကျေးရွာမှာ အရင်ကစစ်တပ်အဟောင်းနေရာမှာ စစ်တပ်တွေ ပြန်တပ်စွဲနေထိုင်မယ်လို့ ပြောလာတယ်တဲ့။ အဲ့တာကို KIAတွေ သဘောမတူတာကြောင့် လက်ရှိမှာ စစ်ရေးတွေ တင်းမာနေတဲ့ အခြေအနေဟုတ်တယ်။ ရွာမှာ စစ်တပ်တွေ လာနေပြီဆိုတော့ ရွာသားတွေလဲ အားလုံးနီးပါး တိမ်းရှောင်သွားကြပြီ။” ဟု အထက်ပါစစ်ရှောင်က ပြောသည်။
လဝါးကျေးရွာဝန်းကျင်အတွင်းသို့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အပြင် ဒရုန်းဖြင့်လည်း အမြဲစောင့်ကြည့်နေသဖြင့် ကျန်ရှိနေသေးသည့် ဒေသခံများပါ ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထို့အပြင် ထွက်ပြေးတိမ်းရှောင်စဉ်အတွင်းလည်း လမ်းခရီးတွင် အတင်းအကြပ် စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
လဝါးဒေသခံအများစုမှာ ပြီးခဲ့သည့် မတ်လ၂၂ရက်နေ့မှစပြီး စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့များ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး ဖြစ်သည်။
စစ်ရှောင်များ ပြောဆိုချက်အရ “ စစ်တပ်တွေက ရွာကိုဝင်လာတာနဲ့ ရွာသားတွေက တောင်ပေါ်ကို ထွက်ပြေးကုန်တယ်။ တောင်ပေါ်မှာ ဓာတ်မီးလင်းတာကိုတောင် လက်နက်ကြီးနဲ့ ထုတော့မလို့။ ရွာမှာကျန်ခဲ့တဲ့ ရွာလူကြီးတွေက ရွာသားတွေဟုတ်တယ်လို့ ပြောမှ မပစ်တော့တာ။ လမ်းမှာလည်း အရမ်းစစ်တာ။ ဆန်အိတ်မှန်း သိသိကြီးနဲ့ အိတ်ဖွင့်ခိုင်းပြီး စစ်တာ။ အခုအချိန် လဝါးဘက်မှာ စစ်ရေး တော်တော်တင်းမာနေကြတယ်။” ဟု ပြောသည်။
လဝါးကျေးရွာကို စစ်ကောင်စီပူးပေါင်းတပ်က မတ်လ၂၂ရက်နေ့ကတည်းက ဝင်ရောက်နေထိုင်လာခြင်းဖြစ်ပြီး၊ စစ်အင်အားမှာ (၂၀၀)ဝန်းကျင်ရှိနေနိုင်သည်ဟု သုံးသပ်ကြသည်။ ထို့အပြင် စစ်ရှောင်ထားသည့် နေအိမ်များလည်း သော့မခတ်ထားရန် ပြောဆိုမှုများ ရှိခဲ့ပြီး သော့ခတ်ထားလျှင် နေအိမ်မီးရှုံ့ဖျက်ဆီးမည့်အကြောင်း ပြောဆိုထားသည်ဟု ဆိုသည်။
တစ်ဖက်မှာလည်း လဝါးကျေးရွာရှိ အစိုးရစာသင်ကျောင်းနှင့် ပြည်သူနေအိမ်များတွင် စစ်တပ်မှ နေရာယူတပ်စွဲထားကြောင်းလည်း ထပ်မံသိရသည်။
သတင်း - ပီလမ့်အူ
Comments