ပါဂျောင်မီဒီယာ
၁၇ရက်၊စက်တင်ဘာလ၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_4ba1739ee40c423f806b8b94b8b0a840~mv2.jpg/v1/fill/w_526,h_502,al_c,q_80,enc_auto/c187ce_4ba1739ee40c423f806b8b94b8b0a840~mv2.jpg)
မြန်မာတစ်နိုင်ငံလုံး အာဏာသိမ်းခံရပြီးနောက် လူမှုကွန်ယက်ပေါ်တွင် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ခံအားပေးသည့် ရေးသားမှုတွေ၊ ပြောဆိုဆက်သွယ်မှုတွေ ပြည်သူများအကြား လှုပ်လှုပ်ခတ်ခတ် ဖြစ်ပွားခဲ့သည်။
ယင်းကဲ့သို့ ပြောဆိုဆက်သွယ်၊ ရေးသားမှုများကို စစ်ကောင်စီမှ ဥပဒေပုဒ်မအမျိုးမျိုးတပ်ကာ လိုက်လံဖမ်းဆီး ချုပ်နှောင်မှုများလုပ်ခဲ့ပြီး၊ ၂၀၂၂ခုနှစ်မှ ၂၀၂၄ခုနှစ် ဇူလှုင်လ၃၁ရက်နေ့အထိ စစ်ကောင်စီ၏ မတရားဖမ်းဆီးခံရသူ ၁၆၉၁ဦး ရှိခဲ့ကြောင်း Data for Myanmar၏ ထုတ်ပြန်ချက်မှ သိရသည်။
၂၀၂၂နှင့် ၂၀၂၃ခုနှစ်အတွင်း ဖမ်းဆီးခံရသူ ဦးရေ သိသိသာသာ များခဲ့ပြီး ၂၀၂၄ခုနှစ်ထဲတွင် ဖမ်းဆီးမှုတွေ လျော့ကျလာရာ ၂၀၂၂ခုနှစ်တွင် ဖမ်းဆီးခံရသူ ၈၇၄ဦး၊ ၂၀၂၃ခုနှစ်ထဲတွင် ၆၁၅ဦးနှင့် ၂၀၂၄ခုနှစ် ဇူလှိုင်လကုန်အထိ ဖမ်းဆီးခံရသူ ၂၀၂ဦး ရှိခဲ့သည်။
ယင်းဖမ်းဆီးခံရသူများထဲတွင် ကျား/မအလိုက် ဖမ်းဆီးခံရမှုကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးဖမ်းဆီးခံရမှုမှာ ၆၁၃ဦးနှင့် ရာခိုင်နှုန်းအားဖြင့် ၃၆ရာခိုင်နှုန်းအထိ ရှိနေပြီး၊ အမျိုးသားဖမ်းဆီးခံရမှုမှာတော့ ၁၀၇၈ဦးအထိ ရှိခဲ့သည်။
၂၀၂၂ခုနှစ် ဖေဖော်ဝါရီလမှစပြီး ၂၀၂၄ခုနှစ် ဇူလိုင်လကုန်အထိ မြို့နယ်ပေါင်း ၂၂၀မှာ ဖမ်းဆီးအရေးယူမှုတွေ ရှိခဲ့သည့်အပြင် ဖမ်းဆီးခံရသူတွေထဲက အများစုမှာ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းမှ အွန်လိုင်းအသုံးပြုသူများဖြစ်ပြီး စုစုပေါင်း ၈၀၆ဦး ရှိခဲ့သည်။
ဖမ်းဆီးခံရသူအများစုမှာ Facebook ပေါ်တွင်ပြောဆိုရေးသားမှုတွေကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး၊ အခြားအွန်လိုင်း ပလက်ဖောင်းများဖြစ်သည့် TikTok, Telegram, Viberများပေါ်တွင် ရေးသားမျှဝေမှုများကြောင့် ဖမ်းဆီးခံရသူများလည်း ရှိသည်။ ပျမ်းမျှအားဖြင့် အွန်လိုင်းအသုံးပြုသူ ၅၄ဦးခန့်မှာ လစဉ်ဖမ်းဆီးခံနေရသည်ဟု Data for Myanmarက ဖော်ပြထားသည်။
စစ်အာဏာသိမ်းကာလနောက်ပိုင်း လူထုလှုပ်ရှားမှုများအတွက် အရေးပါသည့် လူမှုကွန်ရက်နှင့် အွန်လိုင်းပလက်ဖောင်းများကို ထိန်းချုပ်ရန် စစ်ကောင်စီက အမျိုးမျိုးကြိုးပမ်းခဲ့ပြီး၊ အင်တာနက်ဖြတ်တောက်ခြင်း၊ အင်တာနက်ဝက်ဆိုဒ်စာမျက်နှာများ နှင့် Facebook လူမှုကွန်ရက်ပလက်ဖောင်းများကို အသုံးမပြုနိုင်အောင် ပိတ်ပင်ခြင်းများ လုပ်ဆောင်ခဲ့သည်။
စစ်ကောင်စီက ၂၀၂၂ခုနှစ် ဇန္နဝါရီလ ၂၅ရက်နေ့တွင် လူမှုကွန်ရက်မှ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ လုပ်ဆောင်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၂)က၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ (၅၀၅)က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးပုဒ်မ (၃၃)ကနှင့် တည်ဆဲဥပဒေများဖြင့် အရေးယူခံရမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ ထို့အပြင် PDF Game များကို မဆော့ရန်နှင့် အမုန်းစကားများကို မပြောကြရန် စစ်ကောင်စီက တားမြစ်ထားပြီး၊ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလကစပြီး ဖမ်းဆီးအရေးယူခြင်းကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
Comments