ပါဂျောင်မီဒီယာ။
၁၇ရက်၊ ဖေဖော်ဝါရီ၊ ၂၀၂၅။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူ ပိုမိုများပြားလာသည်နှင့်အမျှ သူခိုး၊ ဓားပြများလည်း ယခင်ကထက် ပေါ်ပေါ်ထင်ထင် မြို့တွင်းလမ်းမကြီးများပေါ်တွင် ဓားထောက်လုယက်မှုများ လုပ်ဆောင်လာကြောင်း မြစ်ကြီးနားမြို့ခံများက ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီ၁၆ရက်နေ့ ည(၇) နာရီဝန်းကျင်တွင် ဆိုင်ကယ်ခေတ္တရပ်ကာ စံပြလမ်းမအထွက် လမ်းထောင့်တွင် ဖုန်းပြောနေသည့် အသက်၂၀အရွယ် ယောင်္ကျားလေးတစ်ဦးအား ဒူကထောင်ရပ်ကွက်(၁၀) ဘက်မှလာသည့် 125 ဆိုင်ကယ်ဖြင့် အမျိုးသားနှစ်ဦးမှ လည်ပင်းဓားထောက် ဆိုင်ကယ်လုယက်မှု ဖြစ်ခဲ့ကြောင်း သိရသည်။
မျက်မြင်တစ်ဦး၏အဆိုအရ “ကျွန်တော်တို့က အဲ့အနားက ဘိလပ်ခုံမှာ ဘိလပ်ထိုးပြီးလို့ ထွက်လာတဲ့အချိန် ကောင်လေးတစ်ယောက်က ကျွန်တော့်ဆိုင်ကယ် လုသွားပါတယ်ဆိုပြီး အော်နေတာ။ ကောင်လေးအော်နေတဲ့အချိန် ဆိုင်ကယ်လုတဲ့ နှစ်ယောက်က ကောင်လေးရဲ့ဆိုင်ကယ်ကို စက်နိုးနေတုန်းပဲရှိသေးတယ်။ ဘေးအိမ်က လူတွေလည်း ဆိုင်ကယ်လုသွားပါတယ်ဆိုပြီး ဝိုင်းအော်နေကြတော့ ကျွန်တော်တို့လည်း ရုတ်တရက်ဆိုတော့ လန့်ပြီး ခနငိုင်နေတုန်း ဆိုင်ကယ်လုတဲ့နှစ်ယောက်က ဆိုင်ကယ်ကို လီဗာအဆုံးတင်ပြီး မောင်းပြေးသွားကြပြီ။” ဟု ပြောသည်။
ဆိုင်ကယ်လုယက်သူနှစ်ဦးမှာ လူကောင်ကြီးကြီး အမျိုးသားများဖြစ်ပြီး၊ လည်ပင်းဓားထောက် ချိန်းခြောက်လုယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် လုယက်ခံရသူမှာ လည်ပင်းတွင် (၈)စင်တီမီတာခန့်ရှိသည့် ဓားရာနှစ်ကြောင်း ရရှိခဲ့ပြီး၊ ယင်းအချိန်မှာ တစ်ရပ်ကွက်လုံး လျှပ်စစ်မီး ပြတ်တောက်နေချိန်လည်း ဖြစ်ကြောင်းသိရသည်။
“အဲ့လမ်းက ခနခန လုယက်မှု ဖြစ်တယ်။ မနှစ်ကဆို Alphard ကားအမျိုးအစားနဲ့ ဆိုင်ကယ်နှစ်စီး နဲ့လာတဲ့ လူငယ်အဖွဲ့ကို လမ်းမှာတားပြီးဖမ်းခေါ်သွားတာ။ ဆိုင်ကယ်တစ်စီးတော့ ထွက်ပြေးသွားနိုင်လိုက်တယ်။ ကျန်တဲ့တစ်စီးက ကောင်လေးနဲ့ကောင်မလေးကို ဆိုင်းကယ်ပါ ကားပေါ်တင်သွားတာ။ စံပြ ကုန်းဆင်း အကွေ့နားမှာဆို ခနခန ဆိုင်ကယ်လု၊ ဖုန်းလုခံရပြီး အော်တဲ့အသံတွေ ခနခနကြားရတယ်။ အခုနောက်ပိုင်းဆို မီးကပြန်ပျက်တော့ သူခိုးတွေ၊ ဓားပြတွေက အချိန်ပြည့် ဘယ်သူ့ကို လုရမလဲပဲ ရှာနေကြတာလေ” အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။
မြစ်ကြီးနားမြို့တွင် အုပ်ချုပ်ရေးယန္တယားပျက်စီးပြီးသည့်နောက်ပိုင်း သူခိုး၊ လုယက်၊ ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ လုယက်ကျူးလွန်သူများမှာ ဓား၊တုတ် စသည့်လက်နက်များကိုင်ဆောင်ကာ မြို့တွင်း အသွားအလာနည်းသော လမ်းကြိုလမ်းကြားများတွင် အဖွဲ့လိုက် ကျူးလွန်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း - အန်ဒီ
Comments