top of page

လေကြောင်းတိုက်ခိုက်မှုနှင့် နွံကန်ပေါက်ကျမှုကြောင့် ဖားကန့်ဒေသတွင်တစ်ရက်တည်း လူဆယ်ဂဏန်းနှင့်အထက်သေဆုံး

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၁၃ရက်၊ဇန္နဝါရီ၊၂၀၂၅။




မန္တလေး၊ တံတားဦးလေဆိပ်မှ တက်လာသည့် စစ်ကောင်စီပိုင် ဂျက်လေယာဉ်သည်ဇန္နဝါရီ၁၃ရက် နံနက် ၁၀နာရီ ၄၄မိနစ်အချိန်ဝန်းကျင်တွင် ဖားကန့်၊လုံးခင်း ကျေးရွာအနီးရှိ မဆွပ်ယန်နှင့် ဆန်ခါကျေးရွာများသို့ လေယာဉ်ဗုံး(၇)ကြိမ်ထက်မနည်း လာရောက်ပစ်ခတ်သောကြောင့် ပြည်သူအများအပြား အသက်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


လေယာဉ်ဗုံးများသည် ဆန်ခါဘောလုံးကွင်းအနီးရှိနေအိမ်တွင် တစ်လုံး၊ ဆန်ခါဘုန်းကြီးကျောင်းနေရာတွင် တစ်လုံး၊ ဆန်ခါကျေးရွာမှ ဦးကျော်ခိုင်နေအိမ်တွင် တစ်လုံး၊ ဦးသန်းဝင်းနေအိမ် တစ်လုံး၊ ဦးသော်ဇင်နေအိမ်တွင် တစ်လုံး၊ မဆွပ်ယန်မြေဇာပုံသွား လမ်းတစ်နေရာတွင် တစ်လုံး၊ မြဥယျာဉ်ကုမ္ပဏီဝင်းအတွင်း တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။


လေယာဉ်ဗုံးကြောင့် အရပ်သားနေအိမ်များထိခိုက်ပျက်စီးခဲ့ရပြီး၊ အရပ်သား အသက်သေဆုံးသူ (၈)ဦးထက်မနည်းနှင့် (၂၀)ဦးမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်းသိရှိရပြီး အသက်သေဆုံးခဲ့သူ အများစုမှာ ရေမဆေးရှာ အလုပ်သမားများနှင့် လမ်းသွားလမ်းလာ ပြည်သူများဖြစ်ကြောင်းသိရသည်။


စစ်ကောင်စီက လတ်တလောတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများသို့လေကြောင်းရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသောကြောင့် လူစုလူဝေးမပြုလုပ်ရန် ဒေသရပ်ရပ်ဖများက သတိပေး ပြောဆိုနေကြသည်။


ယနေ့ ဇန္နဝါရီ ၁၃ရက် နံနက် ၁နာရီ၁၅မိနစ်ဝန်းကျင်တွင်လည်း ဖားကန့်ဆိပ်မူအုပ်စု စပေါ့ကျေးရွာအတွင်းရှိ ရတနာအဓိပတိကုမ္ပဏီမှ စုပုံထားသည့် နွံကန်ပေါက်ကျလာသောကြောင့် စပေါ့ကျေးရွာမှ အိမ်ခြေ(၂၀)နီးပါးနှင့် လမ်းဘေးမှဈေးဆိုင်(၃၀)နီးပါး နစ်မြုပ်သွားကြောင်း သိရသည်။


ကနဦးရှာဖွေမှုများအရ နွံကန်ပေါက်ကျမှုကြောင့် အသက်သေဆုံးခဲ့သည့်အရပ်သား အလောင်း(၇)လောင်း တွေ့ရှိခဲ့ပြီး ကျန်ရှိနေသေးသည့် ပျောက်ဆုံးနေသူများကိုလည်း ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်းသိရသည်။


သတင်း - ပီလမ့်အူ

Comments


Pajau Media

Thanks for subscribing!

bottom of page