top of page

ရွှေအလွန်အကျွံ တူးဖော်မှုများကြောင့် ဒေသခံများ စိုက်ပျိုးမြေ ပျက်စီးဆုံးရှုံးမှု များပြားလာ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၂ရက်၊ဖေဖော်ဝါရီ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ အင်းတော်ကြီး ဒေသတွင် စက် ယန္တရားကြီးများဖြင့် အလွန်အကျွံ တရားမဝင် ရွှေတူးဖော်မှု များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ၏ စိုက်ပျိုးမြေ အပါအဝင် ဓာတ်မြေဩဇာ ဆုံးရှုံးမှု အလွန် များပြားလာသည်ဟု ဒေသခံများ ပြောပြချက်အရ သိရသည်။


ဒေသခံများသည် ရွှေအလွန်အကျွံ တူးဖော်မှုကြောင့် ထွက်ရှိလာသည့် ရွှံ့နှုံးများ ရွာသားများ၏ လယ်မြေတွေထဲ စီးဝင်လာကာ ဓာတ်မြေဩဇာ ပျက်စီးပြီး သီးနှံဖြစ်ထွန်းမှုနှုန်း လျော့နည်းလာသည်ဟု ဆိုသည်။


“ရွှေတူးလို့ ထွက်လာတဲ့နှုံးတွေက လယ်မြေတွေထဲ စီးဝင်လာတယ်၊ အဲ့မှာမြေဆီလွှာတွေ အရမ်းပျက်စီးလာတော့ ဓါတ်မြေဩဇာဝယ်ထည့်မှ သီးနှံအထွက် တိုးလာတော့တာ၊ လယ်စားရိတ်ပိုကုန်တော့ စပါးပေါ်လဲ သိပ်မမြတ်တော့ဘူး။ အရင်က ရွာမှာ ရွှေတူးတယ်ဆိုတာ ဟွန်ဒါအသေးလေးနဲ့ တနိုင်တပိုင် လက်ယက်ကျင်းဘဲ တူးကြတာဆို‌တော့ ဒေသခံတွေ စီးပွားရေးချောင်လည်တယ်၊ တစ်ဖက်မှာလဲ စိုက်ခင်းတွေလဲ အောင်တယ်၊ ရွာမြေက ဘာစိုက်စိုက်ရှင်တယ်ဗျာ။ မြေဩဇာက အဲ့သလိုကိုကောင်းတာ၊ လယ်တစ်ဧကို စပါး တင်း၁၁၀ ထွက်ခဲ့တဲ့လယ်တွေက အခုကျ တစ်ဧကကို တင်း၈၀လောက်ဘဲ ထွက်တော့တယ်” ဟု စပါးစိုက်တောင်သူ တစ်ဦးက ပြောသည်။



ယခင်က လယ်တစ်ဧကလျှင် လယ်စားရိတ် တသိန်းခန့်သာ ကုန်ကျသော်လည်း ယခုအခါတွင် ဓာတ်မြေ ဩဇာ ဖြည့်တင်းစိုက်ပျိုးရသောကြောင့် လယ်စားရိတ် ‌လေးသိန်းကျပ်ထိ ကုန်ကျလာသည်ဟု ဆိုသည်။


"အာဏာသိမ်းပြီး နောက်ပိုင်းကျတော့ ရွှေတူးတဲ့လုပ်ငန်းရှင်တွေ နေရာအနှံ့ကနေ ရောက်လာကြတယ်။ စက်ယန္တရားတွေဆိုရင် ၈၀၀လောက်ဝင်လာကြတယ်၊ ရွှေလုပ်ကွက်တစ်ခုမှာ အနည်းဆုံး စက်ယန္တရား အကြီးနဲ့အလတ် နှစ်စီးနှုန်းရှိကြတယ်။” ဟု အသက် ၅၆နှစ်အရွယ် ဒေသခံ အမျိုးသမီးကြီး တစ်ဦးမှ ပြောပြသည်။


တိုင်းပြည်အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်ကြီးဒေသအတွင်း စိုက်ပျိုးမြေ ၅၀ရာခိုင်နှုန်းအထိ ပျက်စီးဆုံးရှုံးသွားပြီး၊ရွှေတူးဖော်မှုမှ ထွက်ရှိလာသည့် ရွှံ့နှုံးများကြောင့် ဓာတ်မြေဩဇာ ဆုံးရှုံးမှုလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်ဟု ဒေသခံများက ပြောဆိုနေကြသည်။


ထို့အပြင် အင်းတော်ကြီးဒေသသည် ရွှေတူးဖော်မှုနှုန်း ပိုမိုများပြားလာခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးခြင်း၊ ငါးမျိုးစိတ်အချို့ မျိုးတုန်းပျောက်ကွယ်လာခြင်း၊ ရေကြီးခြင်း၊ တောင်ပြိုကျခြင်းနှင့် ငလျှင်လှုပ်ခြင်းများ ကြုံလာရပြီး၊ မူးယစ်ဆေးဝါး ပေါ်ပေါ်ထင်ထင် အသုံးပြုလာသည့် ဆိုးကျိုးများ ကြုံတွေ့နေရကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား



Comments


Pajau Media

Thanks for subscribing!

bottom of page