ပါဂျောင်မီဒီယာ
၂၂ရက်၊မတ်လ၊၂၀၂၄ခုနှစ်။
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ အင်လွယ်ယာန်ကျေးရွာတွင် စက်ယန္တရားကြီးများဖြင့် ရွှေအလွန်အကျွံ တူးဖော်လာမှုများကြောင့် ဒေသခံများ၏ မြေဧက (၂,၀၀၀)ကျော်အထိ ပျက်စီးထိခိုက်ကာ၊ စိုက်ပျိုးရေးအတွက် အခက်အခဲဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
"၂၀၂၃နှစ် အစပိုင်းကတော့ ရွှေသူဌေးတွေ လာပြီးကျေးရွာအတွက် လမ်းဖောက်ပေးမယ် အဲ့ဒီအတွက် ရွှေလုပ်ကွက်ဧက(၃၀)လောက် ကျေးရွာလူကြီးတွေဆီကနေ လုပ်ပိုင်ခွင့်နဲ့ သဘောတူခဲ့ကြတာ၊ နောက်ပိုင်းတော့ လုပ်ကွက်တွေ ပိုပိုပြီးများလာတယ်၊ လမ်းကိုလည်း ကောင်းကောင်းလုပ်ပေးတာမရှိဘူး။” ဟု အင်လွယ်ယာန်ဒေသခံတစ်ဦးက ပြောသည်။
ယမန်နှစ် နှစ်ဆန်းပိုင်းမှ စတင်တူးဖော်လာသော ရွှေလုပ်ကွက်ကြီးများမှာ စက်ယန္တရားကြီးများဖြင့် အလွန်အကျွံ တူးဖော်မှုများကြောင့် ဒေသခံများ၏ လယ်ယာမြေတွေ ပျက်စီးကာ၊ ရေလမ်းကြောင်းများ ပြောင်းလာခြင်းကြောင့် ဒေသခံများ စိုက်ပျိုးရေးအတွက် အခက်အခဲဖြစ်စေသည်ဟု ဆိုသည်။
"အခုဒီနှစ်ထဲမှာတော့ ရွာသားတွေရဲ့ လယ်ယာတွေအထိပါ တူးလာတဲ့အခါကျတော့ လယ်တွေလည်း ပျက်စီးသွားတယ်၊ ဆယ်မြောင်းတွေ ရေလမ်းကြောင်းတွေလည်း အားလုံးပြောင်းသွားတော့ ရွာသားတွေက ဘယ်လိုစိုက်ပျိုးရေး လုပ်စားကြမလဲမသိတော့ဘူး။ အစိုးရဘက်က မြန်မြန်ပိတ်ပေးစေချင်တယ်၊ သူတို့ကအခွန်ပဲ ကောက်စားပြီးမှ ရွာသားတွေအတွက် ဘာမှမကြည့်ပေးဘူး" ဟု ထပ်မံပြောကြားသည်။
ဒေသခံများပြောပြေချက်အရ အင်လွယ်ယာန်ကျေးရွာတွင် ၂၀၂၃ခုနှစ် နှစ်ဆန်းပိုင်းမှ ရွှေလုပ်ငန်းရှင်များ စတင်ဝင်ရောက်လာခဲ့ပြီး ကျေးရွာအတွက် လမ်းဖောက်လုပ်ပေးကာ ရွှေလုပ်ကွက် ဧက(၃၀)ကျော်ကို လုပ်ပိုင်ခွင့် ရယူခဲ့ကြောင်း သိရသည်။ အလားတူ ယခုနစ်အတွင်းမှာပင် ရွှေလုပ်ငန်းရှင်များ (၁၀) ဦးထက်မနည်း ထပ်မံရောက်ရှိလာခဲ့ကြောင်းလည်း သိရသည်။
သို့သော် ယခုအချိန်တွင် ကျေးရွာ၏ ရွှေလုပ်ကွက်မှာ ဧက (၂,၀၀၀) ကျော်အထိ လုပ်ကိုင်တူးဖော်ခဲ့ပြီးသော်လည်း ဒေသခံများအတွက် လမ်းဖောက်လုပ်ပေးခြင်းမှာ မျော်လင့်သလောက် မလုပ်ပေးသည့်အပြင် ပူတာအိုမြို့သို့ ဆက်သွယ်နိုင်သည့် တစ်ခုတည်းသော ရေကြောင်းလမ်းကို ကုန်းလမ်းဖောက်ပေးမည့် အစီအစဉ်လည်း မလုပ်ဆောင်ပေးသေးဘူးဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တွင်းရှိ မလိခမြစ်တစ်ကြောနေရာများတွင် ရွှေမှော် အများအပြား ရပ်ဆိုင်းထားပြီး ဖြစ်သော်လည်း ၎င်းအင်လွယ်ယာန်ကျေးရွာနှင့် ထီခချောင်းဖျားဘက်ရှိ ရွှေလုပ်ကွက်များမှာ ရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက်တူးဖော်နေကြသည်ဟု ဆိုသည်။
အင်လွယ်ယာန်ကျေးရွာသည် မလိခမြစ်နံဘေး နတ်ကျွန်းအနီးတွင် တည်ရှိသော ကျေးရွာတစ်ခုဖြစ်ပြီး၊ အိမ်ထောင်စု(၁၂၀)ကျော် မှီတင်းနေထိုင်သော ကျေးရွာတစ်ခုဖြစ်ကာ ဂျိမ်းဖော့၊ လီဆူ၊ ရဝမ်၊ ရှမ်းနှင့် ဗမာလူမျိုးများ စုပေါင်းနေထိုင်သော ကျေးရွာတစ်ခုဖြစ်သည်။
သတင်း- မလိခူး
Comments