top of page

ရွှေလုပ်ငန်းရှင်များ၏ မြေစာပင် ဖြစ်လာနိုင်ဖွယ်ရှိနေသည့် မချမ်းဘောမြို့နယ်

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ (သတင်းဆောင်းပါး)

၂၆ရက်၊ဖေဖော်ဝါရီ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်မြောက်ဖျား၊ ဧရာဝတီမြစ်ဖျားခံရာ ဒေသတွင်း ယခင်ဆယ်စုနှစ် နှစ်ခုအလွန် ကာလကတည်းကပင် ရွှေတူးဖော်သည့် လုပ်ငန်းများ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာခဲ့ပြီဖြစ် သည်။ သို့ရာတွင် ယခင်က မလိခမြစ်ရိုးတစ် လျှောက်တွင်သာ လုပ်တူးကျင်း၊ ရေငုတ်ဖောင်၊ ကုန်းကျင်း(မုံဆိုင်း)နှင့် အကြီးဆုံးယန္တယားအနေ ဖြင့် တရုတ်ဖောင်များဖြင့် မလိခမြစ်တလျှောက် ရွှေလုပ်ငန်းများဖြင့် ပွင့်လင်းရာသီများတွင် စည်းကားခဲ့လေသည်။


ယခုလက်ရှိ ကိုဗစ်၁၉ကပ်ရောဂါအလွန်၊ နိုင်ငံရေးရှုပ်ထွေးနေသည့် ကာလသို့ ဆိုက်ရောက်လာချိန်တွင် မလိခမြစ်ရိုးတလျှောက် ရွှေကြောများ ကုန်ဆုံးလာခဲ့ပြီဖြစ်ပြီး ယခင်က ကာကွယ်တားမြစ်ထားသည့် ဒေသခံပြည်သူများ၏ မြေနေရာများ၊ ကုန်းတွင်းပိုင်းသို့ ဦးတည်ပြီး ခေတ်မှီစက်ယန္တရားကြီးများဖြင့် တူးဖော်လာကြပြီ ဖြစ်သည်။


ယခင်ကတည်းကပင် မချမ်းဘောမြို့နယ်၊ မချမ်းဘောမြစ်ကူးတံတား၏ အထက်ဘက်နယ်မြေများကို အစိုးရနှင့် ဒေသခံပြည်သူများအနေဖြင့် ရွှေလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများကို တင်းကြပ်စွာ တားမြစ်ကာကွယ်ထားခဲ့သည့် နယ်မြေများ ဖြစ်ခဲ့သည်။ ယခုအချိန်ကာလတွင် နေရာဒေသအသီးသီးမှ ရွှေလုပ်ငန်းရှင်သူဌေးများက ပူတာအိုခရိုင်သည် နိုင်ငံရေးတည်ငြိမ်နေသည်ကို အကြောင်းပြု၍ ရွှေလုပ်ငန်းဖြင့် စီးပွားရှာရာ နေရာဒေသတစ်ခုအ‌ဖြစ်သို့ ပြစ်မှတ်ပြုလာသည်ကို တွေ့ရှိရသည်။


၂၀၂၃ခုနှစ် နှစ်ဆန်းပိုင်းမှစပြီး မချမ်းဘောမြို့နယ်အတွင်းသို့ ရွှေတူးဖော်သည့် လုပ်ငန်းရှင်များ အစုလိုက်၊ အပြုံလိုက် ရောက်ရှိလာနေကြပြီဖြစ်၍ ဒေသခံ၊ ဌာနေပြည်သူများ၏ ဘိုးဘွားပိုင်မြေ နေရာများ ပျက်စီးဆုံးရှုံးလာသည့် အခြေအနေများကြောင့် ဒေသခံများ စိုးရိမ်ပူပန်လာရသည်ဟု ဆိုသည်။ ၂၀၂၃ ခုနှစ်မှစပြီး မချမ်းဘော့မြို့နယ်အတွင်းသို့ စက်ယန္တရားကြီးများ နေ့စဉ်မပြတ်ဝင်လာနေသည်ကို တွေ့ရှိကြရကြောင်း၊ မလိခမြစ်၏ မြစ်လက်တက်များဖြစ်သည့် ချောင်းကြီး၊ ချောင်းငယ်နေရာအစုံသို့ ရွှေလုပ်ငန်းများ တိုးချဲ့လာခဲ့ပြီဖြစ်၍ အလွန်ပင် စိတ်မချမ်းမြေ့ဖွယ် ဖြစ်လာနေကြောင်း ဒေသခံများက ဆိုသည်။


အရင်က ကာကွယ်၊ တားမြစ်ထားခဲ့သည့် မချမ်းဘောမြို့ မြောက်ဘက်ရှိ၊ ထရန်ဒမ်းကျေးရွာအုပ်စု၊ ကောင်းမှုလှုံအုပ်စု၊ မန်နိုအုပ်စုများတွင်လည်း ယခုနှစ်ဆန်းပိုင်းကတည်းကပင် ရွှေလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နေကြပြီဟု သိရှိရသည်။ ဒေသခံပြည်သူများ၏ ကာကွယ်ထိန်းသိမ်းထားသည့် နယ်မြေများမှာပင် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခွင့်ပြုချက်၊ အကျိုးတူလုပ်ငန်းရှင်များ တိုးဝင်လုပ်ကိုင်လာကြသည်ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် မကာကွယ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိလာနေသည်ဟု ဆိုသည်။


၂၀၂၄ခုနှစ် ဖေဖော်ဝါရီလအတွင်းမှ စတင်တူးဖော်လာသည့် မချမ်းဘောမြို့နယ် ၊ထရန်ဒမ်းအုပ်စု၊ နမ်ဆဘွမ်ကျေးရွာတွင်း ရွှေလုပ်ကွက်များသည်လည်း ရွှေအထွက်ကောင်းသည်ဟု သတင်းများကြောင့် တစ်လအတွင်းမှာပင် အလုအယှက်လုပ်ကိုင်နေကြပြီဖြစ်၍ ပြည်သူများ၏ စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးသွားရကြောင်း ပြောကြားသည်။ ထို့အပြင် ရှိန်မွေယာန်အုပ်စု၊ ဒိန်ခက်ကျေးရွာအုပ်စုနှင့် ရှန်ခ(ကဆန်ထီ)ချောင်း တစ်လျှောက်၌လည်း ရွှေတူးဖော်မှုတွေ အလွန်အကျွံ လုပ်ကိုင်လာနေကြသည်ဟု သိရှိရသည်။ ရွှေလုပ်ငန်းရှင်များ ဝင်ရောက်လုပ်ကိုင်ပြီဆိုသည်နှင့် ဒေသခံပြည်သူများ၏ စိုက်ပျိုးမြေယာများကို ရောင်းပေးလိုက်ရခြင်း သို့မဟုတ် အစုရှယ်ယာစနစ်များဖြင့် ခွင့်ပြုပေးလိုက်ရကြောင်း ပြောကြားသည်။ ယခုလက်ရှိ အခြေအနေတိုင်းသာ မချမ်း‌ဘောမြို့နယ်တွင်း ရွှေလုပ်ငန်းများသာ ဆက်‌လက်လုပ်ဆောင်ခြင်းကို အစိုးရအနေဖြင့် ခွင့်ပြုထားမည်ဆိုပါက နှောင်လာမည့် ငါးနှစ်ခန့်အတွင်းမှာပင် မချမ်းဘောမြို့နယ်၏ ၈၀ရာခိုင်နှုန်းခန့်သော သဘာဝပတ်ဝန်းကျင်နှင့် မြစ်ချောင်းများမှာ ပျက်စီးနိုင်သည်ဟု ဒေသခံများက စိုးရိမ်ပူပန်နေကြရသည်။


ပထဝီအနေအထားအရ မချမ်းဘောမြို့နယ်သည် ကချင်ပြည်နယ်၏ မြောက်ဘက်ဆုံး အရပ်တွင်တည်ရှိပြီး တောတောင်များဝန်းရံထားကာ သွားလာရန် ခက်ခဲသောမြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်၏အရှေ့ဘက်သည် ပူတာအိုမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်ပြီး အရှေ့မြောက်ဘက်တွင် နောင်မွန်းမြို့နယ်၊ အရှေ့တောင်ဘက်တွင် ဆွမ်ဘရာဘွမ်မြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိနေသည်။ မချမ်းဘောမြို့နယ်သည် ကျေးရွာအုပ်စု (၁၃) အုပ်စု၊ ကျေးရွာစုစုပေါင်း (၃၂)ရွာနှင့် မြို့တွင်းရပ်ကွက်(၄)ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော ကချင်ပြည်နယ်၏ မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်အတွင်း ဗမာ၊ ကချင်-ဂျိမ်းဖော့၊ ရဝမ်၊ လီဆူနှင့် ရှမ်း တိုင်းရင်းသားများ စုပေါင်းနေထိုင်ကာ စုစုပေါင်းလူဦးရေအနေဖြင့် (၉၀၀၀)ကျော် မှီတင်းနေထိုင်ကြသည်။


မချမ်းဘောမြို့နယ်တွင် အဓိက အသက်မွေးဝမ်းကြောင်းအနေဖြင့် စီးပွားရေးမှာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်စားသောက်ကြပြီး အခြားသော ရွှေတူးဖော်ခြင်း၊ ဆေးမြစ်၊ ဆေးရွက် ရှာဖွေရောင်းဝယ်ခြင်းအပြင် သစ်လုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းများနှင့် သီးနှံစိုက်ခင်းများ လုပ်ကိုင်စားသောက်ကြသည်။


သတင်းဆောင်းပါး- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page