ပါဂျောင်မီဒီယာ
၂၅၊ ၇၊ ၂၀၂၄
![](https://static.wixstatic.com/media/c187ce_bcdf131110094efaa314ee6bf61dc5d3~mv2.jpg/v1/fill/w_960,h_720,al_c,q_85,enc_auto/c187ce_bcdf131110094efaa314ee6bf61dc5d3~mv2.jpg)
ကချင်ပြည်နယ်အတွင်း ဇူလိုင်လ ၁ရက်နေ့ မှ စတင်ကာ ၅ ရက်ဆက်တိုက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာခဲ့ပြီး အင်တာနက်လိုင်းများနှင့် ဖုန်းလိုင်းများပြတ်တောက်ခဲ့သည်။ ကချင်ပြည်နယ်ရှိ ငွေသွင်း-ငွေထုတ်လုပ်ငန်းများ၊ ဘဏ်စနစ်များနှင့် စစ်ရေးအခြေအနေများကြောင့် စက်သုံးဆီများ၊ မော်တော်ယာဥ်ဆီများ ပြတ်တောက်ခဲ့ပြီး ရပ်ဆိုင်းလုနီးပါးရှိခဲ့သည်။ ရပ်ဆိုင်းသွားသည့် အခြေအနေများနှင့်အတူ ကုန်စျေးနှုန်း အဆမတန်မြင့်တက် လာသည့် အခြေအနေများကို ကချင်ပြည်သူလူထုအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေရသကဲ့သို့ အခြားတစ်ဖက် တွင်လည်း စစ်ရေးအရှိန်မြင့်တက်လာမှုကြောင့် ထွက်ပြေးတိမ်းရှောင်ရန်အခက်အခဲ ကြုံနေကြ ရသည်။
ထိုဖြစ်စဥ်များကို မြစ်ကြီးနားဒေသခံတစ်ဦးမှ ပါဂျောင်သတင်းမီဒီယာသို့ ယခုလိုပြောပြလာပါတယ်။ “ အခု ဖုန်းလိုင်းတွေ မရဘူးဗျာ၊ အင်တာနက်တွေလည်း ပိတ်ထားတယ်၊ ဒါတွေဖြစ်နေတော့ Kpay တို့ Wave money တို့တွေလည်း ထုတ်လို့မရတော့ဘူးဗျာ၊ ဘဏ်တွေလည်း အကုန်ပိတ်ထားတယ်။ အခုအင်တာနက်နဲ့ ဖုန်းလိုင်းဖြတ်ထားတာကို ကြားသိရသလောက်ကတော့ စစ်ကောင်စီက အကြီးဆုံးတစ်ယောက်လာလို့ ဆိုပြီး ကြားသိရတာရှိတယ်။ အစိုးရရုံးဌာနတွေမှာ ဖုန်းလိုင်းတစ်ချို့ရတယ်။ ပြီးရင်ဗျာ ဟိုရက်က မြို့ထဲ MPT ရုံး၀န်းကျင်မှာရလို့ ဖုန်းခေါ်လို့လိုင်းမိတယ်ဆိုပြီး ဖုန်းသွားပြောတာ အမှတ် ၁ ရဲစခန်းက ရဲတွေက ဒီနားမှာ လာစုလူဝေးနဲ့ လာမနေကြနဲ့ ခင်ဗျားတို့ကို ပစ်မှာ ဆိုပြီး သတိလာပေးတော့ အကုန်လုံးပြေးလိုက်ရသေးတယ်။”
ကချင်ပြည်နယ်ရှိ မြို့နယ်တော်တော်များများတွင် လမ်းပမ်းဆက်သွယ်ရေး ခက်ခဲလာမှုကြောင့် ကုန်စျေးနှုန်းများ မြင့်တက်လာခြင်းနှင့် အတူ ကြက်ဥတစ်လုံးကို ၁၅၀၀ ကျပ်၊ ကန်ဇွန်းရွက် တစ်စည်းကို ၂၀၀၀ ကျပ် ၀န်ကျင်ခန့်နှင့် စားသုံးဆီ တစ်လီတာတစ်ဗူးကို ၂ သောင်းကျပ်၀န်းကျင်ထိ မြင့်တက်လာခဲ့သည်။ ထို့နည်းတူ မြစ်ကြီးနားမြို့တွင် ဓါတ်ဆီ 92 - တစ်လီတာလျှင် ၅၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်အထိ မြင့်တက်ရောင်းချ နေကြောင်းကို လည်း ဒေသခံတစ်ဦးမှ ပြောပြလာသည်။ စက်သုံးဆီဈေး အဆမတန်မြင့် တက်လာကာ စစ်ကောင်စီဂိတ်များတွင်လည်း ယခင်ကထက် ငွေကြေးပိုမိုကောက်ခံနေပြီး အထူးသဖြင့် နန့်စီးအောင်ဂိတ်တွင် ဆီဘောက်ဆာကားတစ်စီးလျှင် သိန်း ၅၀ အထိကောက်ခံနေသောကြောင့် ကုန်ကားပြေးဆွဲမှုများ၊ စက်သုံးဆီရရှိမှုများ ရပ်နားသွားရခြင်းဖြစ်ကြောင်း မြစ်ကြီးနား - မန္တလေး ကုန်ကားမောင်းနှင်သူ တစ်ဦးမှ ပါဂျောင်မီဒီယာ သို့ပြောကြားသည်။ “မလွယ်ပါဘူးဗျာ .. လုပ်ကိုင်စားသောက်ရတာ .. တစ်လမ်းလုံး သူတို့ကိုပဲ ပေးကမ်းနေရတယ် .. တစ်ချို့ကုန်ကားကြီးတွေဆို သူတို့တွေက ပိုက်ဆံမတရားတောင်းတယ် .. ဥပမာ ၁၀ဘီးကား တစ်စီးကို ၅ သိန်းကနေ ၈ သိန်း ၁၀ သိန်းအက်လိုတွေ ပေးရတယ်။ မပေးနိုင်ရင် ကားကို ဖြတ်သန်းခွင့်မပေးဘူး။ ညှိနှိုင်းလို့လည်း မရဘူးဗျာ” ဟု ပြောကြားခဲ့သည်။
ကချင်ပြည်နယ်တွင် စစ်ရေးအရှိန်မြင့်တက်လာခြင်းနှင့် အတူ လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့မှုများကြောင့် နေ့စဥ်လူမှုဘ၀ ရှင်သန်ရပ်တည်ရေးအတွက် အခြေခံစားသောက်ကုန်များရရှိနိုင်ရန် ရုန်းကန်နေကြရသည်။ “ကျွန်မထင်တယ် နောက်ပိုင်း ကချင်ပြည်နယ်က တခြားပြည်နယ်တွေလိုပဲ ဆိုးဆိုး၀ါး၀ါးတွေ ဖြစ်လာ နိုင်မလားပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ ပြည်သူတွေကတော့ ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက် ရပ်တည်နိုင်ဖို့အတွက်ပဲ ကြိုးစားရဦးမှာပေါ့” ဟူ၍ မြစ်ကြီးနားဒေသခံတစ်ဦးမှ ပါဂျောင်မီဒီယာသို့ ပြောကြားခဲ့ပါသည်။
Komentáře