top of page
Writer's picturePajau Media

ယခုနှစ်အတွင်း ကျောက်ဂျပိုးကောင်အထွက်နှုန်း လျော့နည်းကာ စျေးကောင်းရရှိနေ

ပါဂျောင်မီဒီယာ



ပူတာအိုမြို့နယ်အတွင်းရှိ ဇီယာဒမ်းကျေးရွာ အပါအ၀င် ဒေသခံအများအပြား အဓိက လုပ်ကိုင်စားသောက်သည့် အချိန်ပိုင်းကျောက်ဂျပိုးရှာဖွေသည့်လုပ်ငန်းသည် ယခုနှစ်အတွင်း စျေးကောင်းရနေသော်လည်း ကျောက်ဂျပိုးကောင် အထွက်နှုန်း လျော့နည်းလာနေသည်ဟု ပူတာအိုဒေသခံများက ပြောသည်။


"နိုင်ငံရေးအခြေအနေ မကောင်းပေမယ့် ဒီနှစ်က ကျောက်ဂျပိုးဈေးကောင်းတယ် ဒါပေမယ့် ရွာနဲ့လှမ်းတဲ့ မြစ်၊ချောင်းဘက်တွေကို သွားရှာထွက်ဖို့အတွက်က နိုင်ငံရေးအခြေအနေကြောင့်အဆင်မပြဘူး" ဟု ဒေသခံများပြောသည်။


ယခုနှစ်တွင် အောက်တိုဘာလလယ်လောက်မှစ၍ ကျောက်ဂျပိုး ရှာဖွေသူများ၊ မြစ်ချောင်းတစ် လျှောက်တွင် နေရာယူ ရှာဖွေနေကြသော်လည်း ယခင်နှစ်များထက် ကျောက်ဂျပိုးအထွက်နှုန်း ထက်၀က်နီးပါး လျော့နည်းသွားသောကြောင့် မိသားစု စား၀တ်နေရေးအတွက် ၀င်ငွေမကာမိဘူးဟု ဇီယာဒမ်း၊ ရေခဲတောင်ခြေတစ်လျှောက်တွင် သွားရောက်ရှာဖွေကြသော ပူတာအိုဒေသခံများက ဆိုသည်။


ပူတာအိုဒေသက ကျောက်ဂျပိုးကို ရှာဖွေရောင်းချသည်မှာ ၂၀၁၉ ခုနှစ်ကစတင်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်း နို့ဆီခွက်တစ်ခွက်ကို ၆ထောင်စျေးသာ ရရှိခဲ့ပြီး၊ ယခုနှစ်မှာ ကျောက်ဂျပိုး တစ်ခွက် ၃သောင်းကျပ်မှ ၃သောင်း ခွဲကျပ်အထိ၊ တစ်ပိဿဆိုလျှင် ကျပ်၄သိန်းကျော်အထိ စျေးကောင်းရရှိနေသည်ဟု ဒေသခံများက ပြောသည်။


ယခုကဲ့သို့ စျေးကောင်းရနေသော်လည်း ကျောက်ဂျပိုးရှာဖွေသည့် အသက်မွေး၀မ်းကျောင်းသည် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်းသာ ဖမ်းကြရပြီး၊ အချိန်ပိုင်းအလုပ်သာဖြစ်ခြင်းကြောင့် ယခုနှစ်တွင် ယခင်နှစ်များထက် ကျောက်ဂျပိုးအလွန်ရှားပါလာကာ ဒေသခံ မိသားစု စားဝတ်နေရေးအတွက် လုံလောက်သည့် စီးပွားရေးမဟုတ်ဘူးလို့လည်း ဆိုထားပါသည်။


“ဒီနှစ်ထဲမှာ ကျောက်ဂျပိုးလာရှာကြတဲ့သူတွေက ချောင်းတစ်လျှောက်တွေမှာ နေရာအလွတ်တောင်မရှိဘူး။ တစ်ကယ့်ပွဲလိုပဲ စည်ကားနေတာ။ ကျောက်ဂျပိုးက မပျံတော့ အားလုံး ခရီးစရိတ်တောင် မကာမိကြဘူး” ဟု ဇီယာဒမ်းဒေသခံတစ်ဦးက ပြောသည်။


ကျောက်ဂျပိုးကောင်များကို မြစ်လက်တက်များဖြစ်ကြသည့် ချောင်းကြီး၊ ချောင်းငယ်များ၏ ကျောက်ခဲ၊ ကျောက်တုံးကြီးတွေရှိသည့် ချောင်းကမ်းနဘေးနေရာများတွင် အဓိကတွေ့ရပြီး၊ အကြီးမျိုး၊ အသေးမျိုးဟူ၍ အမျိုးအစားနှစ်မျိုးအဖြစ် တွေ့ရကာ၊ အသေးမျိုးသာ စျေးကောင်းရကြသည်ဟု ဆိုသည်။


၎င်းကျောက်ဂျပိုးများအား တရုတ်နိုင်ငံမှ အဓိကဝယ်ယူကာ ပူတာအိုမြို့မှ မြစ်ကြီးနား- မန္တလေးမြို့မှ တရုတ်နိုင်ငံသို့ နို့ဆီဗူးတစ်ခွက်လျှင် ၅သောင်းကျပ်အထိပေးဝယ်ကာ ကားနှင့် အဓိက တင်ပို့ရောင်းချကြကြောင်း သိရသည်။


တရုတ်နိုင်ငံသည် ၄င်းကျောက်ဂျပိုးများအား ဆေး နဲ့ ဟင်းချက်အမွှေးအကြိုင်ပြုလုပ်ရာတွင် အသုံးပြုပြီး၊ ဘီပိုး၊စီပိုးဆေးဖော်စပ်ရာတွင်လည်း အသုံးပြုကြကြောင်းသိရှိရသည်။



2 views0 comments

Comentarios


bottom of page