top of page

မလိခမြစ်ဖျားတစ်လျှောက်တွင် ရွှေအလွန်အကျွံတူးဖော်ခြင်းကြောင့် ဒေသခံများအခက်အခဲကြုံနေရ

Writer: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၆ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။





ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်အထက် မလိခမြစ်တစ်လျှောက်တွင် ရွှေအလွန်အကျွံတူးဖော်လာသည်မှာ တစ်နှစ်ကျော်ကြာမြင့်လာပြီးနောက် လက်ရှိမှာ မြစ်ရေညစ်ညမ်းမှု ပိုမိုများပြားလာသောကြောင့် ဒေသခံပြည်သူများ အခက်တွေ့နေရသည်ဟု မချမ်းဘော့မြို့ခံများက ပြောသည်။


"အခုဆိုရင် မချမ်းဘော့အထက်ပိုင်း နမ်ခမ်၊ နမ်ဆဘွမ်ရွာတွေအားလုံး ဘက်ဟိုးတွေ၊ ယန္တယားကြီးတွေနဲ့ပဲ ရွှေတူးနေကြပြီလေ။ အခုနောက်ပိုင်းဆို မြစ်ရေကနှောက်နေပြီ လုံးဝမသန့်တော့ဘူး၊ ငါတို့မြစ်ရိုးတစ်လျှောက်မှာရှိကြတဲ့ ပြည်သူတွေက မြစ်ထဲကနေ ငါး၊ခရုကအစ သောက်သုံးရေအဆုံး ဘာမှသုံးလို့မရတော့ဘူး။ ခါတိုင်းနှစ်တွေ ပုံမှန်တံငါလုပ်ငန်း လုပ်ကိုင်စားသောက်ကြတဲ့သူတွေလည်း အခုနောက်ပိုင်းလုပ်လို့မရတော့ဘူး။ အရမ်းအခက်တွေ့နေကြပြီ။” ဟု မချမ်းဘော့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။


ယခင် ရွှေမတူးဖော်ချိန်တွင် ပူတာအိုမြို့နယ်နှင့် မချမ်းဘော့မြို့နယ်ရှိ ဒေသခံများမှာ မလိခမြစ်တစ်လျှောက် မြစ်ရေကိုသာအသုံးပြုကာ စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများအတွက်သော်လည်းကောင်း၊ မြစ်ရေကို သောက်သုံးရေအဖြစ်သော်လည်းကောင်း အသီးသီး အသုံးဝင်စွာ အသုံးပြုခဲ့ကြသည်။


သို့သော် လက်ရှိတွင် မလိခမြစ်အထက်ပိုင်း ရွှေအလွန်အကျွံ တိုးချဲ့လုပ်ဆောင်လာခြင်းကြောင့် မြစ်ရေမသန့်ရှင်းတော့ဘဲ အဆိပ်သင့်ရေဖြစ်လာသည့်အပြင် စိုက်ပျိုးရေး၊ သောက်သုံးရေနှင့် အခြားလိုအပ်သည့် နေရာများတွင် အဆိပ်သင့်လာကာ ဒေသခံများအတွက် အခက်အခဲ ဖြစ်လာသည်ဟု ဆိုသည်။


ထို့အပြင် ဒေသခံများ အဓိကရှာဖွေစားသောက်ကြသည့် ငါးဖမ်းလုပ်ငန်းမှာလည်း မြစ်ရေမသန့်ရှင်းသောကြောင့် တစ်ဖြည်းဖြည်း ငါးများလျော့နည်းလာကြောင်း၊ ငါးမျိုးစိတ်များ မျိုးသုန်းလာကြောင်းနှင့် မြစ်ရေကျဉ်းမြောင်းလာကာ ရေလမ်းကြောင်း ပြောင်းလဲလာခြင်းများ ဖြစ်နေကြောင်း သိရသည်။


ယခင်က မလိခမြစ်ကြိုးတံတားအထက်ဘက်တွင် ရွှေတူးဖော်ခွင့် ပိတ်ပင်ကာ ကာကွယ်နိုင်ခဲ့သော်လည်း မြစ်၏အထက်ပိုင်းရှိ ကျေးရွာများတွင် မြစ်ကမ်းပါး၊ လယ်ယာမြေများသာမက ကျေးရွာတွင်းဘက်အထိ စက်ကြီးများဖြင့် တူးဖော်နေသောကြောင့် မြစ်ရေညစ်ညမ်းမှုများ ယခင်ထက် ပိုဆိုးလာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။


သတင်း- မလိခူး


Comments


Pajau Media

Thanks for subscribing!

bottom of page