top of page

မမုံကိုင်ရွာအနီး ရွှေမှော်တွင် ရွှေကျင်းလုပ်သား များအား လုပ်ခလစာကို မူးယစ်ဆေးများ ပေးချေ

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ

၁ရက်၊ဖေဖော်ဝါရီ၊၂၀၂၄ခုနှစ်။



ကချင်ပြည်နယ်၊ မိုညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ မမုံကိုင်ကျေးရွာအနီးရှိ ရွှေမှော်တွင် ရွှေကျင်းလုပ်သားများအား လုပ်ခလစာအဖြစ် မူးယစ်ဆေးဝါး အစားထိုးပေးချေနေကြကြောင်း ဒေသခံများက ပြောသည်။


လုပ်ငန်းရှင်များမှာ ကျင်းသားများ၏ လုပ်ခလစာအဖြစ် မူးယစ်ဆေးများ ပေးဝေကာ လစာမှ ပြန်နုတ်ယူကြကြောင်း မမုံကိုင်‌ ဒေသခံတစ်ဦးက ယခုလိုပြောသည်။


“အလုပ်သိမ်းချိန်က ည၈နာရီခွဲမှဆိုတော့ ဆေးရှာဝယ်ထွက်ဖို့ကလဲ အချိန်မရှိပြန်ဘူး၊‌ ဆေးထွက်ဝယ်ပြီးရင်လဲ ကျင်းထဲနောက်နေ့ကျ အလုပ်မဆင်းလာနိုင်ကြပြန်ဘူး၊ ဒါနဲ့ဘဲလောပန်းတွေက သူတို့လုပ်ငန်းအတွက် အဆင်ပြေအောင်ဆေးပေးပြီး လုပ်ခရှင်းပေးကြရော၊ သူတို့လုပ်ခက ဆေးဖိုးနဲ့တင် လုံးချာလိုက်နေလို့ သူတို့မိသားစုက မစားရတော့ဘူးပေါ့။"


မမုံကိုင်ရွှာ ကားလမ်းမှ ဆယ်ပေအကွာတွင်ရှိသည့် ရွှေလုပ်ကွက်များတွင် ကျင်းသားပေါင်း တထောင်ကျော်ခန့် ရှိသည့်အနက် ၇၀ ရာခိုင်နှုန်းခန့်မှာ မူးယစ်ဆေးဝါးသုံးစွဲသူ ကျင်းသားများ ဖြစ်သည်ဟု ဆိုသည်။


"တချို့လောပန်းတွေက ဆေးသုံးလို့ ဆေးကို လက်ထဲများများ ဆောင်ထားတယ်၊ တချို့လောပန်းတွေကျတော့ ဆေးမသုံးဘူး ကျင်းသားတွေကို ဆေးပေးပြီး လုပ်ခရှင်းပေးဖို့ ဝယ်ထားကြတယ်။ ကျင်းသားက ဆေးသုံးရင် အလုပ်ပိုလုပ်နိုင်တယ်ဆိုပြီး ဆေးသုံးတဲ့သူကိုဘဲ ရွေးပြီးအလုပ်ခိုင်းတာ။" ဟု ရွှေလုပ်ငန်း လုပ်ကိုင်သူများနှင့် နီးစပ်ရာများမှ ပြောသည်။


မမုံကိုင်ကျေးရွာ ရွှေမှော်ဝန်းကျင်အနီး လမ်းဘေးနေရာများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်လုပ်ကိုင်ကြသူ ပေါများစွာ တွေ့ရှိရပြီး၊ ကျေးရွာအတွင်း လူကြီး၊လူငယ် အများစုမှာ ဆေးစွဲ၊ ဘိန်းစွဲသူ ယခင်နှစ်များထက် နှစ်ဆ ပိုမိုများပြားလာနေသည်။


ထို့အပြင် ရွှေကျင်းသားများလည်း မိမိ၏ လုပ်ခလစာကို မူးယစ်ဆေးနှင့် လှဲလှယ်သုံးစွဲလာရပြီး၊ အချို့မှာ ရွှေကျင်းမှ ရရှိသည့် ပိုက်ဆံနှင့် ဆေးရှာသုံးစွဲကာ၊ ဆေးမသုံးစွဲသူ ကျင်းသားများမှာ အနည်းစုသာ ရှိနေကြောင်း သိရသည်။


မမုံကိုင်ကျေးရွာအနီးတွင် ဘိန်းခန်းဖွင့်လှစ်ထားပြီး တစ်ရက်လျှင် ဘိန်းဝယ်သုံးသူ ကျင်းသားပေါင်း ၁၀၀ကျော်ခန့်အထိ ရှိကြောင်း ဆိုသည်။


ယင်းစခန်းကို ယမန်နှစ်က မမုံကိုင်အုပ်ချုပ်ရေးမူးနှင့် သက်ဆိုင်ရာ အာဏာပိုင်များမှ ပူးပေါင်း၍ ဖမ်းဆီးခဲ့သော်လည်း၊ ဖမ်းဆီးပြီး မကြာမှီမှာပင် ထပ်မံဖွင့်လှစ် ရောင်းဝယ်နေကြောင်း သိရသည်။


သတင်း - ကချင်ပြည်သား



Comentários


Pajau Media

Thanks for subscribing!

bottom of page