ပါဂျောင်မီဒီယာ။
၄ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။
![](https://static.wixstatic.com/media/c187ce_bcb5cb10cdff48f886f3de98bf921f8b~mv2.jpg/v1/fill/w_980,h_1467,al_c,q_85,usm_0.66_1.00_0.01,enc_auto/c187ce_bcb5cb10cdff48f886f3de98bf921f8b~mv2.jpg)
ကချင်ပြည်နယ်၊ မိုညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ မမုံကိုင်ကျေးရွာမှ လူနေအိမ်များအနီးတွင် ဘက်ဟိုးအကြီး ၅စီးအသုံးပြုကာ ရွှေအလွန်အကျွံတူးဖော်နေကြောင်း ဒေသခံများ သတင်းပေးချက်အရ သိရသည်။
"၂၀၂၄နှစ်ကုန်မှာ ရွာနားက လယ်မြေ ၁၀ဧကကို ရွှေတူးဖို့အတွက် မမုံကိုင်ရွာသားလုပ်ငန်းရှင်ကို ရောင်းလိုက်တာ၊ တစ်ဧကကို သိန်း၃၅၀၀၊ ၁၀ဧကဆိုတော့ သိန်း၃၅၀၀၀နဲ့ ရောင်းတာပေါ့။ ရွာထဲဆိုတော့ လက်နက်ကိုင်တွေကို မြေရောင်းတဲ့သူက ၁၀%အနေနဲ့ ပိုက်ဆံသိန်း၃၅၀၀ပေးရတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေကို အခွန်ဆောင်ပြီး ရွှေတူးနေကြတာဟုတ်တယ်။” ဟု မမုံကိုင်ရွာသားတစ်ဦးက ပြောသည်။
မမုံကိုင်ကျေးရွာ ကားလမ်းနံဘေးနေရာများတွင်လည်း အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်ကတည်းက ဘက်ဟိုးအကြီးများဖြင့် အဆက်မပြတ် တရားမဝင် ရွှေတူးဖော်နေကြခြင်းဖြစ်ပြီး၊ ၂၀၂၄ခုနှစ် နှစ်ကုန်ပိုင်းအရောက်တွင် ကျေးရွာအတွင်းရှိ လူနေအိမ်နားအထိပါ ရွှေတူးဖော်လာကြသည်ဟု ဆိုသည်။
အဆိုပါ ရွှေတူးဖော်မှုများကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံများမှာ နေ့ညမပြတ် ရွှေတူးဖော်သံများ ဆူညံကာ အဆင်မပြေမှုများစွာ ရှိလာကြောင်း အထက်ပါမမုံကိုင်ရွာသားက ဆက်ပြောသည်။
“အိမ်တွေနားကပ်လျှက်မှာ တူးတာမို့တစ်ညလုံး ဘက်ဖိုးမောင်းလို့ အသံတွေဆူညံနေပြီး အိပ်မရဘူး၊ အသက်ကြီးတဲ့သူတွေဆို ကျန်းမာရေးပါ ထိခိုက်ကုန်တယ်" ဟု ပြောသည်။
အင်းတော်ကြီးဒေသတွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှစပြီး ရွှေတူးဖော်မှုများ ပိုမိုတွင်ကျယ်စွာ တူးဖော်လာသည့်အလျောက် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုဖောက်ပြန်မှုများဖြစ်ပေါ်လာပြီး ယခုနှစ်တွင် လယ်ယာစိုက်ပျိုးသည့်တောင်သူများ အရှုံးပေါ်နှုန်း ပိုမိုများပြားလာသည်ဟု ဆိုသည်။
ထို့အပြင် မမုံကိုင်ကျေးရွာအနီးရှိ သင်္ချိုင်းကုန်းအဟောင်းနေရာတွင်လည်း ရွှေတူးဖော်နေကြပြီး၊ အချို့မှာ လူနေအိမ်ဘေးနားကပ်လျက်မှာပင် တူးဖော်နေကြသည်ဟု ဒေသခံများ ပြောသည်။
လက်ရှိတွင် တိုက်ပွဲများကြောင့် နယ်မြေမအေးချမ်းဘဲ အရေးပေါ်ကာလ အခြေအနေအဖြစ် သတ်မှတ်ထားသည့် အင်းတော်ကြီးဒေသကို ရွေးကောက်ပွဲ မဲထည့်ရန် ချန်လှပ်ထားခဲ့သော်လည်း တရားမဝင် ရွှေတူးဖော်သည့် လုပ်ကွက်များမှာ ပိုပြီးတိုးများလာကြောင်း သိရသည်။
သတင်း - ကချင်ပြည်သား
Komentar