top of page

မန်ဝိန်းကြီးဒေသတွင် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှ မူးယစ်ဆေးတိုက်ဖျက်ခြင်းလုပ်ငန်းများဆောင်ရွက်

Writer's picture: Pajau MediaPajau Media

ပါဂျောင်မီဒီယာ။

၁၃ရက်၊ဖေဖော်ဝါရီ၊၂၀၂၅။



ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးဒေသတွင် လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့နှင့် အူလန်ပါဒေသ KIOမူးယစ်ဆေး တိုက်ဖျက်ရေးအဖွဲ့များ ပူးပေါင်းပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်လာသောကြောင့် ဒေသအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများ လျော့နည်းလာကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


“အခုဒီမူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်လာတဲ့နောက်ပိုင်း ဒေသအတွင်း မူးယစ်သုံးစွဲသူတွေ လျှောက်သွားနေတာတောင် မတွေ့ရတော့ဘူး။ အရင်က လမ်းမပေါ်ဒီတိုင်း လျှောက်သွားနေကြတာလေ။ တော်တော်ကို လျော့နည်းသွားတယ်လို့ မြင်တယ်။” ဟု မန်ဝိန်းကြီးဒေသ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။


မန်ဝိန်းကြီးဒေသတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ရက်မှ ၁၂ရက်နေ့အထိ မူးယစ်ကင်းစင်ရေးအတွက် အဖွဲ့နှစ်ခုမှ ပူးပေါင်းကာ သုံးရက်ဆက်တိုက် မူးယစ်တိုက်ဖျက်ရေး လုပ်ဆောင်ခဲ့ရာ သုံးစွဲသူ အားလုံးပေါင်း (၂၅)ဦးကို မန်ဝိန်းကြီးဘိန်းဖြတ်စခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး၊ ဖမ်းဆီးခံရသူများထံမှ ဘိန်းဖြူနှင့် ရာမဆေးပြားအနည်းငယ် ဖမ်းဆီးရရှိထားကြောင်း သိရသည်။


“ဒီမန်ဝိန်းဒေသမှာ အရင်က မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ ရောင်းတဲ့သူတွေ အရမ်းများတယ်။ ပြီးတော့ သူခိုးတွေလည်း ပေါတယ်။ ဒါပေမယ့် အခုဒီမူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေ နှစ်လကျော်သုံးလနီးပါးလောက် ဆောင်ရွက်လာတော့ ရောင်းတဲ့သူတွေလည်း နည်းလာပြီ။ သုံးစွဲသူတွေလည်း နည်းလာပြီ။ ရွာထဲမှာ ဘိန်းသမားတွေ ဒီတိုင်းလျှောက်သွားနေတာတွေလည်း မရှိသလောက် ဖြစ်သွားပြီ။” ဟု အထက်ပါရပ်မိရပ်ဖက ဆက်ပြောသည်။


သုံးစွဲသူများကို မူးယစ်တိုက်ဖျက်ရေး ကော်မတီမှ (၆)လအထိ ဘိန်းဖြတ်စခန်းတွင် ဘိန်းဖြတ်ပေးမည်ဖြစ်ကြောင်းနင့် ယခုကဲ့သို့ ဒေသအတွင်း မူးယစ်ကင်းစင်ရေးအတွက် တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်မှာလည်း (၃)လနီးပါး ရှိလာခဲ့ပြီဖြစ်ကြောင်း မူးယစ်တိုက်ဖျက်ရေးအဖွဲ့ဝင်တစ်ဦးမှ သိရသည်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအား (၃)လကြာ ဆောင်ရွက်လာပြီးနောက် ကျေးရွာ၊ရပ်ကွက်များတွင် သူခိုး၊ဓားပြများလျော့နည်းလာကြောင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူများလည်း ယခင်ထက် လျော့နည်းလာကြောင်း ထပ်မံသိရသည်။


မူးယစ်တိုက်ဖျက်ရေး ကော်မတီမှလည်း ပြည်သူလူထုများ၊ လူငယ်လူရွယ်များ မူးယစ်ဆေးဝါး သုံးစွဲသူလျော့နည်းလာစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လာခြင်းဖြစ်ပြီး၊ ကျေးရွာ၊ရပ်ကွက်အတွင်း သူခိုး၊ဓားပြ အလွန်များပြားလာခြင်းကြောင့် မိဘပြည်သူများ၏တောင်းဆိုချက်ဖြင့် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း ပြောပြသည်။


သတင်း - ဇော်မိုင်


Comments


Pajau Media

Thanks for subscribing!

bottom of page