ပါဂျောင်မီဒီယာ
၅ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။
![](https://static.wixstatic.com/media/c187ce_612e7079abed4cc983680f686798959e~mv2.jpg/v1/fill/w_526,h_526,al_c,q_80,enc_avif,quality_auto/c187ce_612e7079abed4cc983680f686798959e~mv2.jpg)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မန္တလေး-မြစ်ကြီးနားသွား လမ်းမကြီးပေါ်ရှိ ဇင်းရွာအနီးတွင် စစ်ကောင်စီဖက်မှ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ထိုလမ်းပိုင်းအား သွားလာခွင့်ပိတ်ထားကြောင်း သိရသည်။
"အဲ့လမ်းကြောတွေက အမြဲတမ်းတိုက်ပွဲဖြစ်နေတာ။ သူတို့မဖြတ်ခိုင်းရင် လုံးဝမဖြတ်တာအကောင်းဆုံးဘဲ။ အန္တရာယ်ရှိလို့ ဘေးကင်းအောင် ပိတ်ထားတာကို တစ်ချို့ခရီးသည်တွေက နားမလည်ဘူး အတင်းဖြတ်မောင်း ခိုင်းချင်နေကြတာ။လုပ်စားကိုင်စားရတာ တော်တော်ကြပ်တယ်ဗျာ။ ဒီလိုဘဲ အခြေနေကြည့်ပြီး သွားလာနေကြရတာဘဲ။" ဟု မန္တလေး-မြစ်ကြီးနားလမ်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။
အလားတူ ယခုကားလမ်းပိတ်ထားသော နေရာအနီးတွင် ပြီးခဲ့သည့် မတ်လက ကချင်မင်းသား ခရီးသည်တင်ယာဥ်ကား မိုင်းနင်းမိ၍ နှစ်ဦးသေဆုံးကာ သုံးဦးဒါဏ်ရရှိခဲ့သေးသည်။
စစ်တပ်ဖက်မှ ဇင်းရွာသို့ အင်အားအပြည့်ဖြင့်စစ်ကြောင်းထိုးလာပြီး ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲဖြစ်သောကြောင့် ပြည်သူ့ကာကွယ်ရေးဖက်က လမ်းကို ပိတ်ထားခိုင်းတာ ဖြစ်ပြီး လမ်းပိတ်ထားသည်မှာ ၅ရက်ရှိပြီဖြစ်ကြောင်းလည်း အခြားကားသမားတစ်ဦးက ထပ်မံပြောပြသည်။
ထို့အပြင် ယနေ့နံနက်၈နာရီတွင်လည်း စစ်ကြောင်းထိုးလာသော စစ်သားများနှင့် ပျူစောထီးများသည် ကန့်ဘလူ ပေကုန်းရွာမှ ပြည်သူပိုင်နေအိမ် ၁၈လုံး ကို မီးရှို့ဖျက်စီးသွားကြောင်းနှင့် စစ်ကိုင်းတိုင်း ကောလင်းနှင့် ကန့်ဘလူနယ်တို့တွင်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရဆဲ ဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
သတင်း - ကချင်ပြည်သား
Comments