ပါဂျောင်မီဒီယာ
၁၂ရက်၊ဧပြီလ၊၂၀၂၄ခုနှစ်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်တွင် ယနေ့ နံနက်၆နာရီဝန်းကျင်ခန့်က စိန်ပက်ထရစ် ဘုရားကျောင်းဝင်းအတွင်း မစ္ဆားတရား ဝတ်ပြုဆုတောင်းနေသည့် ကတ်သလစ်ဘုန်းတော်ကြီး ဖာသာပေါလ်ခွေရှင်းအောင်ကို အမည်မသိ လူနှစ်ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ဖာသာပေါလ်ခွေရှင်းအောင်နှင့် နီးစပ်သူ အသိုင်းအဝိုင်းများမှ သိရသည်။
ယနေ့နံနက် ၆နာရီ မိနစ်၄၀ ဝန်းကျင်ခန့်တွင် အမည်မသိ လူနှစ်ဦးက ဘုရားဝတ်ပြုနေသည့် ဘုရားကျောင်းဝင်းအတွင်း ဝင်ရောက်လာကာ သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ခြင်းကြောင့် ဖာသာပေါလ်ခွေရှင်းအောင်၏ ဝမ်းဗိုက်နေရာတွင် နှစ်ချက်ထိမှန်၍ ထိခိုက်ဒဏ်ရာ ပြင်းထန်သောကြောင့် မိုးညှင်းပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကုသနေသည်ဟု ဆိုသည်။
ထို့အပြင် စိမ်းရတနာမွန်ရပ်ကွက်တွင် နေထိုင်သည့် ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှု ဥက္ကဌဖြစ်သူ၏ နေအိမ်ကိုလည်း ယမန်နေ့ ဧပြီလ ၁၁ရက် ည၈နာရီအချိန်တွင် လက်လုပ်မိုင်းနှင့် ပစ်ပေါက်ခံခဲ့ရကြောင်း ဒေသခံများထံမှ ထပ်မံသိရသည်။
"ရှမ်းနီစာယဉ်ဥက္ကဌ ဦးချစ်ငွေအိမ်နဲ့ ကျမအိမ်ကနီးတယ် အိမ်ဝင်းထဲထိ ပစ်တာ၊ ညပိုင်းဆိုတော့ အိမ်တံခါးတွေက ပိတ်ထားပြီမို့ လူထိခိုက်တာတော့ မရှိဘူး။ ဘယ်ကလာလုပ်သွားလဲတော့ ခုထိမသိရသေးဘူး။" ဟု ဥက္ကဌနှင့် အိမ်နီးချင်းနေထိုင်သူ တစ်ဦးက ပြောသည်။
ဒေသခံများမှာ ယမန်နေ့ ဥက္ကဌ၏ နေအိမ်ကို လက်လုပ်မိုင်းနှင့် လာရောက်ပစ်ခတ်သူများနှင့် ယနေ့ ဘုန်းတော်ကြီးအား ပစ်ခတ်ခဲ့သူများကို မသိရသေးသော်လည်း ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ကချင်လူမျိုးနှင့် ရှမ်းလူမျိုးများအကြား လူမျိုးရေး ပြဿနာများ ဖြစ်အောင် တစ်မင်ဖန်တီးနေတာလည်း ဖြစ်နိုင်သည်ဟု မိုးညှင်းဒေသခံများက ပြောဆိုနေကြသည်။
ဒေသခံများ ပြောပြချက်အရ ယမန်နေ့တွင် စိမ်းရတနာမွန်ရပ်ကွက်မှ ရှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှု ဥက္ကဌ ဦးချစ်ငွေအိမ်ကို လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခံခဲ့ရပြီး၊ ယနေ့ နံနက်ပိုင်းတွင် အောင်သပြေရပ်ကွက်မှ ဖာသာပေါလ်ခွေရှင်းအောင် ဝတ်ပြုနေစဉ် အမည်မသိ လူနှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ၁၈ရက်နေ့တွင်လည်း မိုးကောင်းမြို့ နမ္မတီးမြို့မှ ကချင်နှစ်ခြင်း ဘာသာရေးဆရာ ဦးခွန်ဂျော်လီကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
သတင်း - ကချင်ပြည်သား
Comments