ပါဂျောင်မီဒီယာ။
၁၄ရက်၊နိုဝင်ဘာ၊၂၀၂၄။
ပူတာအိုဒေသ မချမ်းဘော့မြို့နယ်အတွင်းက ကျေးရွာများတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်းကစပြီး ရွှေထူးဖော်မှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာပြီး လက်ရှိတွင် ဒေသခံများလုပ်ကိုင်စားသောက်နေသည့် လယ်ယာမြေများပါမကျန် ရွှေထူးဖော်ဖို့ ပြင်ဆင်လာသောကြောင့် စိုက်ပျိုးမြေများ ဆုံးရှုံးမှာ ကို စိုးရိမ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
ယခင်က ဒေသခံများသည် ရွာအနီးတစ်ဝိုက်တွင် ရွှေထူးဖော်ခြင်းကို လက်ဖြင့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေကြသော်လည်း ၂၀၂၄ ခုနှစ် သြဂုတ်လမှ စတင်ကာ မချမ်းဘော့မြို့နယ် နမ်ဘူယန်ကျေးရွာအနီးတဝိုက်မှာ လုပ်ငန်းရှင်တစ်ချို့က စက်ယန္တယားကြီးများနှင့်တူးဖော်ရန် ပြင်ဆင်လာခြင်းများ ရှိကြောင်းလည်းသိရသည်။
ရွှေတူးဖော်ရန်ပြင်ဆင်နေသည့် နေရာများသည် ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် လယ်ယာမြေများဖြစ်ကြောင်း၊ တစ်ချို့ဒေသခံများက လုပ်ငန်းရှင်များ နှင့်ညှိ့နှိုင်း ပြီး မြေယာ ရောင်းစားခြင်းများရှိသလို ကန့်ကွက်သည့် ဒေသခံများလည်း ရှိသည်။ ပူတာအိုဒေသခံများ သည် ဘိုးဘေးစဉ်ဆက် လယ်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်စားသောက်ကြတာဖြစ်သည့်အတွက် စက်ယန္တယားကြီးများနဲ့ရွှေတူးဖော်လာလျှင်စိုက်ပျိုးမြေများ ပျက်ဆီးဆုံးရှုံးပြီး စားသောက်ရေး ခက်ခဲလာမည်ကို စိုးရိမ်နေကြသည်။
ထို့အတူ စစ်ကောင်စီထိန်းချုပ်မှု အောက်တွင်ရှိနေသေးသည့် ပူတာအို ကောင်းမှုလုံစေတီ တကြောတွင် ရွှေတူးဖော်ရေးစီမံကိန်းများကို စစ်ကောင်စီ၏ခွင့်ပြုချက်ဖြင့် လုပ်ဆောင်နေကြောင်း ဒေသခံများကဆိုသည်။ပူတာအိုဒေသတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နေရာအနှံ့ ရွှေတူးဖော်မှုများ အလွန်အကျွံပြုလုပ်လာသော ကြောင့် မြစ်၊ချောင်း ရေစီးလမ်းကြောင်းများပျက်စီး သည်သာမက လယ်ယာမြေပျက်စီး ဆုံးရှုံးမှုတွေပါ များလာသည်ဟု ဒေသခံများထံမှ သိရသည်။
Comments