ပါဂျောင်မီဒီယာ
၁၀ရက်၊ဇူလိုင်လ၊၂၀၂၄။
![](https://static.wixstatic.com/media/c187ce_10284aac194845b084615b17464505a2~mv2.jpg/v1/fill/w_720,h_540,al_c,q_85,enc_auto/c187ce_10284aac194845b084615b17464505a2~mv2.jpg)
ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် ဒေသခံများမှာ လယ်ယာမြေကွက်များ ရေလွှမ်းမိုးပြီး စပါးပင်များပျက်စီးဆုံးရှုံးသွားမည်ကို စိုးရိမ်နေကြရကြောင်း ဒေသခံများပြောပြချက်အရသိရသည်။
"အရင်တစ်ပတ် ၆လ ပိုင်းကုန်တုန်းလည်း မလိခမြစ်ရေနဲ့ချောင်းကြီး၊ ချောင်းကလေးတွေ အရမ်းကြီးလာလို့ လယ်ဆည်တွေ၊ လမ်းတွေ အများကြီး ပျက်စီးသွားတာ နေရာတကာပဲ။ အဲ့ဒါတွေတောင် မပြင်နိုင်ကြသေးဘူး မိုးကဆက်တိုက်ရွာနေတာလေ။ လဆန်းပိုင်း နှစ်ရက်သုံးရက်လောက်ကတော့ ရေတော်တော်လည်း ကျသွားတာဟုတ်တယ်။ ဒါပေမယ့် မိုးကမရပ်မနား နေ့တိုင်းရွာနေတော့ မနေ့ကနေ ပြန်တစ်ခေါက်မြစ်ရေ အရမ်းပြန်တက်လာပြီ ၊ ဒီနေ့လဲပိုပိုတက်လာတုန်းပဲ။ ဒီတိုင်းသာဆိုရင် မြစ်ရိုး၊ ချောင်းရိုးတလျှောက်က လယ်ယာတွေ အကုန်ပါကုန်မှာ" ဟု မချမ်းဘော့မြိုမှ လယ်သမားတစ်ဦးက ပြောသည်။
ဒေသခံများပြောပြချက်အရ ဇူလိုင်လဆန်းရေကျပြီးနောက် ပြီးခဲ့သည့် ၇ရက်နေ့ကတည်းက ပူတာအိုဒေသတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ပြန်လည်ရွာသွန်းလာသောကြောင့် မလိခမြစ်ရေလည်း တစ်ဖန်ပြန်လည် မြင့်တက်လာနေသည်ဟု ပြောသည်။ ထို့ကြောင့် မြစ်ရိုး၊ ချောင်းရိုးတစ်လျှောက်ရှိ လယ်ယာမြေကွက်များမှာ မြစ်ရေ၊ ချောင်းရေတိုက်စားခံရပြီး ပျက်စီးဆုံးရှုံးသွားမည်ကို ဒေသခံများ စိုးရိမ်နေကြခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အပတ်အတွင်း မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်ရှိ မြို့နယ်များတွင် မြစ်ရေကြီးရေလျှံမှု ဖြစ်ပွားကာ ပူတာအိုဒေသတွင်လည်း မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့ပြီး တောင်ပြို၊ ကမ်းပြိုခြင်းများကြောင့် လမ်းတံတားများ ပျက်စီးခဲ့ရသည့်အပြင် ဒေသခံများ၏ လယ်ယာမြေကွက်များလည်း ရေလွှမ်းမိုးပြီးပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရသည်။
လက်ရှိတွင်မိုးများဆက်တိုက်ရွာသွန်းနေသည့်အပြင် မလိခမြစ်ရေလည်း တစ်ဖန်ပြန်လည် မြင့်တက်နေပြီး၊ လယ်ယာစိုက်ပျိုးနေဆဲအချိန်ကာလဖြစ်ပေမယ့် ရေကြီးရေလျှံမှုများကြောင့် အခက်အခဲများ ကြုံတွေ့နေရဆဲ ဖြစ်သည်။
ယခုနှစ် ဇူလှိုင်လဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သော မြစ်ရေ၊ ချောင်းရေ ရေကြီးရေလျှံမှုများကြောင့် မြစ်ကြီးနား-ပူတာအို လမ်းပိုင်းရှိ လမ်းနှင့်တံတားများ ပျက်စီးခဲ့ရပြီး ကားလမ်းကြောများပိတ်မိနေသည်မှာလည်း နှစ်ပတ်ကျော် ကြာမြင့်လာပြီ ဖြစ်ကြောင်း ထပ်မံသိရသည်။
သတင်း-မလိခူး
Comments