ပါဂျောင်မီဒီယာ
၂၈၊ ၇၊ ၂၀၂၄
![](https://static.wixstatic.com/media/c187ce_dfc9216ae09d4c808273e47e1e34f773~mv2.jpg/v1/fill/w_980,h_536,al_c,q_85,usm_0.66_1.00_0.01,enc_auto/c187ce_dfc9216ae09d4c808273e47e1e34f773~mv2.jpg)
၂၀၂၁ နိုဝင်ဘာလ နှောင်းပိုင်းမှာ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်လှစ်ပြီးနောက် မြန်မာနိုင်ငံမှ မြေရှား သတ္တုတွေ အများအပြား ပြန်လည်တင်ပို့မှု စတင်လာခဲ့ပြီး မြေရှားသတ္တုများကို တရုတ်က အလုံးအရင်းဖြင့် တူးဖော်သယ်ယူနေလျက်ရှိနေပါသည်။ မြန်မာဘက်မှ စစ်ပွဲတွေကြောင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားသော်လည်း ကချင်ပြည်နယ်မှတူးဖော်ရရှိသည့် မြေရှားသတ္တုအတွက် တရုတ်မှ နယ်စပ်ဂိတ်ကို ဖွင့်ပေးထားပါသည်။
ချီဖွေခရိုင်မှ ဖရဲနှင့် ပန်းဝါမြို့၊ဗန်းမော်ခရိုင်မှ မိုးမောက်မြို့နယ်များတွင် တရုတ်နိုင်ငံသားဦးဆောင်ပြီး မြေရှားသတ္တုများကို တူးဖော်ထုတ်လုပ်နေကြသည်။ တရုတ်မှ လာရောက်တူးဖော်သော မြေရှားသတ္တုများမှာ အာဏာပိုင်များနှင့် မည်သို့သောမှုဝါဒများ ချမှတ်ထားခြင်းမရှိဘဲ ပရမ်းပတာလာရောက်တူးဖော်နေကြပါသည်။ လုပ်ကွက်များတစ်ဖြေးဖြေးကျယ်ပြန့်လာသောကြောင့် ထိုကိစ္စများကို ဖြေရှင်းရန် ပြည်သူများက KIA ကို တောင်းဆိုသော်လည်း ဒေသခံများကသာ ထိုပြသာနာများနှင့် ထိပ်တိုက်ရင်ဆိုင်နေရပါသည်။
မြေရှားသတ္တုတူးဖော်မှုနှင့်ပတ်သက်ပြီး ကန့်ကွက်စာများကို သမ္မတထိ စာတင်ထားသော်လည်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ထူးခြားမှုများမရှိလာသလို ကန့်ကွက်လျင်အဖမ်းခံနေရသောကြောင့် ပေါ်ပေါ်ထင်ထင်မကန့်ကွက်ရဲကြတော့ပေ။
မြေရှားသတ္တုတူးဖော်မှုကြောင့် ကချင်ပြည်နယ်တွင် မြေပြိုမှုများ များစွာဖြစ်ပွားပြီး သေဆုံးပျောက်ဆုံးသော အလုပ်သမားများစွာရှိသော်လည်း ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး သတင်းပေါက်ကြားမှု မရှိအောင် ပိတ်ပင်လျက်ရှိနေသည်။
မြေရှားသတ္တု အကြီးအကျယ် တူးဖော်ထုတ်လုပ်မှုများခြင်း၊ တူးဖေါ်ထုတ်လုပ်ရာတွင် ပြင်းထန်သည့် လုပ်ငန်းသုံးဓာတုဆေးဝါးကို သုံးနေသောခြင်း နှင့် လုပ်ကွက်သစ်များတိုးပွားတူးဖော်နေသောကြောင့် မြေယာများဆုံးရှုံးခြင်း၊ သစ်တောများပြုန်းတီးလာခြင်း၊ သောက်သုံးရေများ အဆိပ်သင့်နေခြင်း ၊ လမ်းတံတားများပျက်စီးမှု နှင့် သောက်သုံးရေရှားပါးသည့်နောက်ဆက်တွဲပြဿာနာများ စသည့်ဆိုးကျိုးများကို ဒေသခံပြည်သူများက ခံစားနေရပါသည်။ လက်ရှိတွင် ကချင်ပြည်သူများမှာ မြေရှားသတ္တုအန္တရာယ်များတင်မက စစ်ပွဲအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့နေရပါသည်။
ကမ္ဘာ့သယံဇာတတူးဖော်မှုများကို စောင့်ကြည့်လေ့လာနေသည့် အမေရိကန်နှင့် ဗြိတိန်အခြေစိုက် Global Witness အဖွဲ့၏ မေလ ၂၃ ရက်နေ့ ထုတ်ပြန်သည့်အစီရင်ခံစာအရ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များစိုးမိုးထားသည့် ကချင်အထူးဒေသ(၁) ပန်ဝါမြို့နှင့် ချီဖွေမြို့နယ်တွင် မြေရှားသတ္တုတူးဖော်မှုသည် ၂၀၂၁ ခုနှစ်ထက် ၂၀၂၃ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး သတ္တုတူးဖော်သည့် ဆိုက်ပေါင်း သုံးရာကျော်ရှိနေသည်ဟု ဖော်ပြထားပါသည်။ ထို့အပြင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ဧရိယာဖြစ်သည့် မိုးမောက်မြို့နယ်တွင်လည်း ၂၀၂၁ ခုနှစ်မှ မြေရှားသတ္တု တူးဖော်သည် သတ္တုဆိုက် ကိုးခုပဲရှိရာ ၂၀၂၃ တွင် သတ္တုဆိုက် ၄၀ ကျော်အထိ တိုးလာတယ်သည်ဟု အစီရင်ခံစာမှာ ထပ်မံဖော်ပြထားပါသည်။
Comments