ပါဂျောင်မီဒီယာ (ဆောင်းပါး)
၁၃ရက်၊ဖေဖော်ဝါရီ၊၂၀၂၄ခုနှစ်။
မနက်၅နာရီထိုး နိုးစက်မြည်တာနဲ့ အသက် (၁၃နှစ်)အရွယ် ဖိုးသားဟာ အိပ်ယာထဲကနေ အိပ်မှုံစုံမွှားနဲ့ လူးလဲထပီး စဉ့်အိုးထဲကရေနဲ့ မျက်နှာသစ်ကာ သွားတိုက်ဆေးက ကုန်နေလို့ မီးဖိုထဲက ဆားတကော်ယူပြီး သွားတိုက်လိုက် သည်။
မနေ့ညကကျန်တဲ့ ထမင်းကြမ်းခဲနဲ့ ကြက်ဥချက်ကို ကပျာကယာစားပြီး၊ ရှပ်လက်ရှည် အကျီအနွမ်းလေး တထည်ကောက်စွပ်ကာ ၁မိုင်လောက်ဝေးတဲ့ အလုပ်ထဲ ခြေလျင် ခပ်သွက်သွက် လျှောက်လာခဲ့သည်။
သူတို့လုပ်ရတဲ့အလုပ်က ရွှေလုပ်ကွက်ထဲ တောင်နံရံတွေကို ရေနဲ့ထိုးပြီး ကျလာတဲ့ ကျောက်ခဲကြီးတွေကို ဖယ်ထုတ်ရတဲ့ အလုပ်ဖြစ်သည်။ ဒေသအခေါ်အဝေါ်ဆို တောင်ပန်းလိုခေါ်ဝေါ် ကြပြီး၊ လုပ်ဖော်ကိုင်ဖက်တွေက အသက် ၁၃နှစ်ကနေစလို့ အသက်၂၀အရွယ်ကြားတွေဘဲ ဖြစ်ကြသည်။
နိုင်ငံရေးမတည်ငြိမ်မှုသည် ဤဒေသကို မူးယစ်ဆေးဝါးများအတားဆီးမဲ့ ပေါများလာတာကြောင့် လူမမယ် ကလေးအရွယ်တွေ အပြင်ထွက်ပီး အလုပ်လုပ်နေကြရသည်။ ဒါ့အပြင် အသက်မပြည့်ဘဲ အိမ်ထောင်ကျပြီး၊ လူမှုရေးပြသနာများ ရှုပ်လာသည့်အပြင် မူးယစ်ဆေးပေးပြီး လုပ်ခလစာရှင်းပေးသည်အထိ ဖြစ်နေသည်။
ဖိုးသားအဖေသည် ယခင်အချိန်က ဒေသပရဟိတအဖွဲ့မှာ အလွန်အားကိုးရသည့်အပြင် တက်ကြွပြီး ပရဟိတစိတ်ရှိသူဖြစ်သော်လည်း မူးယစ်ဆေးဝါး၏ ကျေးကျွန်ဖြစ် သွားခဲ့သည်။ ထို့နောက်၊ မိသားစု၏ ဝန်ထုတ် ဝန်ပိုးတာဝန်သည် အရွယ်နှင့်မမျှသည့် ဖိုးသားလေး၏ ပခုံးပေါ်သို့ ကျရောက်လာခဲ့သည်။
ဖိုးသားသည် ၆နှစ်အရွယ်ကတည်းက ဘုန်းကြီးကျောင်းတွင် ကိုရင်ဝတ်နဲ့နေလာပြီး သူ့အသက် ၁၂နှစ်အရွယ်မှာ အိမ်က စီးပွားရေးမပြေလည်တာကြောင့် လူထွက်ပြီး အလုပ်လုပ်ခဲ့ရသည်။
မနက်၆နာရီကစပြီး လုပ်ငန်းခွင်သို့သွားကာ နေ့လည်၁၂နာရီခွဲပြီးနောက် လက်တဆစ်စာ ဝက်သားတုံးလေး နှစ်တုံးနဲ့ ဘူးသီးဟင်းချိုချိုလေးက ဗိုက်ဆာနေတဲ့ ဖိုးသားကို ထမင်းမြိန်စေတာကြောင့် အားရပါးရ ထမင်းစားရင်း
“ဒီရွှေကျင်းက မယ်လိမ့်က သဘောကောင်းတယ်လို့ ပြောလို့ရတယ်၊ တပတ်မှာအသား ဟင်း၂ရက်ကျွေးတယ်။ အရင်ဖိုးသား လုပ်ခဲ့တဲ့ ရွှေကျင်းမှာဆို တပတ်လုံး အသားဟင်းမပါဘူး။ ဒီကျင်းမှာ အလုပ်လုပ်ရတာ ပင်ပန်းပေမယ့် ဖိုးသား ပျော်တယ်” လို့ ပြောပြသည်။
ညနေပိုင်း ရောက်လာသည်နှင့်တပြိုင်နက် အအေးဓာတ်က ပိုလာသည်။ အလုပ်က တစ်နေကုန်ရေစိုခံ လုပ်ရသည့် အလုပ်ဖြစ်သည့်အလျှောက် ၁၀ယောက်သာရှိသည့် တစ်ဖွဲ့လုံးချမ်းလို့ တုန်နေကြသော်လည်း အလုပ်သမားခေါင်းရဲ့ အလုပ်သိမ်းချိန် ဝီစီမှုတ်သံကိုသာ စောင့်နေရရှာပြီး၊ ဝီစီမှုတ်သံကြားရမှ စက်ကိုရပ်ကြသည်။
ဖိုးသားက မျှောစာဖတ်ထမ်းပီး ကျင်းပေါ်တက်လာတယ် ၊အလုပ်က ခြောက်နာရီထိုးပြီဆိုပေမယ့် မပြီးသေးဘူး၊ ညစာထမင်း စားပြီးတာနဲ့ မျှောစာဖတ်ထဲက ရွှေမှိုက်တွေကို အင်းကန်ထဲခါရဦးမှာ ပစ္စည်းတွေအကုန်သိမ်းပီးမှ အိမ်ပြန်ကြရတာဆိုတော့ အိမ်ရောက်ရင် ညရှစ်နာရီခွဲပီ၊ မောတာရော ချမ်းတာရောဆိုတော့ ရေလဲမချိုးနိုင်တော့ဘူး ခြေလက်ဆေး အိပ်ယာထဲဝင်ပြီး၊ ခေါင်းအုံးပေါ် ခေါင်းချလိုက်တာနဲ့ တစ်ချိုးထဲ အိပ်ပျော်သွားလေ့ရှိသည်။
ဖိုးသားနဲ့စကားပြောခွင့်ရရန် စာရေးသူတို့က အသက်၂၄နှစ်သာရှိသည့် မိန်းကလေး ရွှေကျင်းပိုင်ရှင်ရဲ့တူမ အလုပ်သမားခေါင်းဆီ ခွင့်တောင်းရသည်။ အလုပ်ချိန်မို့ ဖိုးသား နဲ့စကားပြောလိုလျှင် စောင့်ရမယ်ဟုဆိုကာ စာရေးသူကိုယ်တိုင် ကျင်းနုတ်ခမ်းနားထိုင်စောင့်သည်မှာ နေ့လည်၃နာရီ အထိကြာပြီး၊ ရေစုတ်စက်ကြီးရဲ့ဘတ်ကြိုးထဲ အကျီလက်သာ ဝင်သွားရင်လျှင် မလွယ်ကူချေ၊ အသက်အန္တာရယ်များသည့် အလုပ်ဖြစ်သည်ဟု စိတ်ထဲရေရွတ်ကာ ဖိုးသားတို့ အဖွဲ့ လုပ်ရှားနေမှုကို အသေးစိတ်ကြည့်နေမိသည်။
"ကျနော်ကျောင်းမနေချင်ဘူး၊ ကျောင်းနေရင် ပိုက်ဆံမရဘူး၊ အလုပ်လုပ်ရတာ ပိုက်ဆံရလို့ပျော်တယ်၊ ဒီမှာအလုပ်လုပ်တာ တစ်ရက်၁၀၀၀၀ရတာမို့ လုပ်အားခကို မထုတ်ဘဲစုထားတာ ကျနော့အမနဲ့ အတူလုပ်တာဆိုတော့ ၅ရက်တစ်ခါထုတ်ရင် ပိုက်ဆံ ၁သိန်းရတယ် အဖေနဲ့အမေကို ပေးနိုင်တော့ပျော်တယ်" လို့ ဖိုးသားက ပြောသည်။
လက်လေးပိုက်လို့ စာရေးသူမေးသမျှ ဖြေနေတဲ့ဖိုးသားဟာ ချမ်းလို့တုန်နေသည်၊ အလုပ်ဆက် လုပ်ရဦးမှာဖြစ်တာကြောင့် သူ၏အဖွဲ့ အားလုံးကိုလက်ပြနှုတ်ဆက်ပြီး အပြန်လမ်းသို့ ဦးတည်ခဲ့ကြသည်။
ဆောင်းပါး - ကချင်ပြည်သား
Comments