ပါဂျောင်မီဒီယာ
၅၊ ၉၊၂၀၂၄။
အာဏာရစစ်ကောင်စီမှ လက်နက်ကြီးအပြင် လေယာဉ်ဖြင့် ပြင်းပြင်းထန်ထန် ပြန်လည်တုံ့ပြန် ထိုးစစ်ဆင်နေသောကြောင့် ဗန်းမော်ခရိုင် မိုးမောက်ဒေသတွင် ကချင်လွတ်မြောက်ရေးတပ်(KIA) ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဆက်လက် ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၄ရက်နေ့မှစပြီး စစ်ကောင်စီတပ်များမှာ လက်လွတ်ဆုံးရှုံးခဲ့သည့် ခ.မ.ရ(၄၃၇)တပ်စခန်းကို ပြန်လည်ရယူနိုင်ရန် ဗန်းမော်မြို့တွင် အခြေစိုက်သည့် စစ်တပ်မှ မိုးမောက်ဒေသဝန်းကျင်အတွင်း တန်ပြန်ထိုးစစ်ဆင်နေခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။
ယင်းအချိန်မှစပြီး မိုးမောက်ဒေသအတွင်း တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားခဲ့ပြီး၊ စစ်တပ်မှ စစ်အင်အားအလုံးအရင်းဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးများဖြင့်သော်လည်းကောင်း လေကြောင်းလိုင်းဖြင့်သော်လည်းကောင်း စစ်ကြောင်းထိုးကာ အပြင်းအထန် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
ဩဂုတ်လ၂၄ရက်နှင့် ၂၅ရက်နေ့တွင် မံစီဒေသသို့ စစ်ကြောင်းထိုး လှုပ်ရှားလာသည့် စစ်တပ်များနှင့် ကောင်ဂျာယာန်ကျေးရွာအနီးတွင် KIAမှ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး၊ ဩဂုတ်လ၂၇ရက်နေ့တွင်လည်း မိုးမောက်ဒေသသို့ စစ်ကြောင်းထိုး လှုပ်ရှားလာသည့် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ မိုးမောက်မြို့ ခြောက်မိုင်နှင့်ခုနှစ်မိုင်အကြားတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။
ထို့နည်းတူ မိုးမောက်မြို့ ငါးမိုင်၊ခြောက်မိုင်၊ခုနှစ်မိုင်နှင့် မံစီဒေသဝန်းကျင်များတွင် စစ်ကြောင်းထိုး လှုပ်ရှားမှုများ ယနေ့အချိန်ထိ ဆက်တိုက်ရှိနေခဲ့သည်။ ထို့ကြောင့် မိုးမောက်မြို့အခြေစိုက်သည့် ခ.မ.ရ (၄၃၇)တပ်စခန်းကို စစ်တပ်မှ စက်တင်ဘာလဆန်းပိုင်းတွင် ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း သတင်းအမှား ထွက်ရှိလာခဲ့ပြီး၊ ကချင်လွတ်မြောက်ရေးတပ်(KIA) ပူးပေါင်းတပ်ဖွဲ့မှလည်း တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှုကို ခုခံတိုက်ခိုက်နေဆဲဖြစ်သည်။
မိုးမောက်ဒေသအခြေစိုက်သည့် ခ.မ.ရ (၄၃၇) တပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်(KIA) ပူးပေါင်းတပ်ဖွဲ့မှ တစ်လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဩဂုတ်လ၁၉ရက်နေ့တွင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ထားသည်။
コメント