ပါဂျောင်မီဒီယာ
၁၃၊ ၉၊၂၀၂၄။
ကချင်ပြည်နယ်၊ မိုးမောက်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တောတောင်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံလူဦးရေတစ်ရာကျော်အတွက် ဆေးဝါးနှင့် အစားအသောက်များ အရေးတကြီးလိုအပ်နေသည်ဟု စစ်ရှောင်များက ပြောသည်။
မိုးမောက်ဒေသအတွင်း တိုက်ပွဲပြင်းထန်လာသည့် ဧပြီလကတည်းက မိုးမောက်ဒေသခံများမှာ မိမိလုံခြုံစိတ်ချရသည့် နေရာဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ အချို့မှာ KIO ထိန်းချုပ်နယ်မြေသို့ တိမ်းရှောင်ခဲ့ကြပြီး၊ အချို့မှာ တောတောင်နေရာများတွင် ဝါးရုံတောအောက် တဲအိမ်များဆောက်ကာ စစ်ပြေးခိုလှုံခဲ့ကြသည်ဟု ဆိုသည်။ ထိုသို့ တောတောင်နေရာများတွင် ထွက်ပြေးခဲ့ကြသည့် စစ်ရှောင်များမှာ လူဦးရေအားဖြင့် တစ်ရာကျော်ရှိပြီး၊ ကျန်းမာရေးအတွက် ဆေးဝါးနှင့် အစားအသောက်များ အရေးပေါ် လိုအပ်နေကြသည်။
“တောဘက်ရှောင်နေတဲ့သူတွေ တစ်ရာကျော်ရှိနေတယ်။ ကိုယ့်အိမ်နဲ့အရမ်းဝေးတဲ့ နေရာ မရှောင်ချင်ကြတဲ့သူတွေနဲ့ အဘိုးအဘွားတွေ၊ မသန်စွမ်းတွေ၊ ကျန်းမာရေးမကောင်းတဲ့မိသားစုဝင်ရှိတဲ့သူတွေက ဝေးတဲ့နေရာ မရှောင်ချင်လို့ နီးတဲ့တောဘက်မှာ ရှောင်ကြတာ ဟုတ်တယ်။ စစ်တပ်နဲ့လည်း အရမ်းနီးတဲ့နေရာဆိုတော့ စိုးရိမ်ရတယ်။ ခုက အဲဒီဆေးဝါးနဲ့ အစားအသောက်က အရေးတကြီးလိုအပ်နေကြတယ်။” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။
ယင်းစစ်ရှောင်များမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ တောတောင်အတွင်း ခြင်ပေါများသောကြောင့် ငှက်ဖျားနှင့် ကိုယ်ပူ၊ဖျားနာကိုက်ခဲခြင်းအပြင် နာတာရှည်ဖျားနာသည့် အဘိုးအဘွားများပါ ပါရှိနေသည်ဟု ဆိုသည်။ စစ်မျက်နာပြင်နှင့်နီးသည့် နေရာဖြစ်သဖြင့် စစ်တပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုဒဏ်ကိုလည်း စိုးရိမ်ကြောင့်ကြရသည်ဟု ပြောသည်။
စစ်ရှောင်များအတွက် မိုးမောက်ဒေသမှ အသင်းတော်များနှင့် CDM ဆေးဝန်ထမ်းများမှ တစ်လတစ်ကြိမ် စစ်ဆေးကာ ဆေးကုသမှုများ ရှိနေပေမယ့် အခြားမည်သည့်လူမှုကူညီရေးအဖွဲ့အစည်းများမှ ကူညီဆောင်ရွက်မှုများ မရှိသောကြောင့် ခက်ခဲမှုများရှိနေဆဲဖြစ်သည်။
ထို့အပြင် ကျောင်းနေကလေးငယ်များအတွက် KIOထိန်းချုပ်နယ်မြေအတွင်း တိမ်းးရှောင်သည့်ကလေးငယ်များမှာ KIO အစိုးရပညာရေးကျောင်းများတွင် တက်ရောက်သင်ကြားနိုင်ပေမယ့် တောတောင်အတွင်း တိမ်းရှောင်သည့် ကလေးငယ်များမှာ ယခုအချိန်အထိ စာသင်ကြားခွင့်မရသေးဟုလည်း အထက်ပါစစ်ရှောင်က ဆက်ပြောသည်။
KIA/KPDF ပူပေါင်းတပ်ဖွဲ့များမှာ ပြီးခဲ့သည့် မတ်လ၇ရက်နေ့မှစ၍ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင်တိုက်ပွဲများ တပြိုင်နက်ထဲ ဆင်နွှဲခဲ့ရာ ဧပြီလပိုင်းအရောက်မှာတော့ မိုးမောက်ဒေသသို့ ထိုးစစ်ဆင်တိုက်ပွဲများ ဆက်လက်ဆင်နွှဲခဲ့ပြီး မိုးမောက်ပြည်သူများမှာ ကိုယ်ထူကိုယ်ထ ခြေဦးတည့်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် မိုးမောက်ဒေသရှိ ကျေးရွာများမှာ မိုးမောက်အပြင် ဒကော့၊ ကျောက်စခန်း၊ နန့်ဆိုင်း၊ အောင်နန်းနှင့် မိုင်းကုန် စသည့်ကျေးရွာများ ဖြစ်သည်။
Comments