ပါဂျောင်မီဒီယာ
ကြီးမားပြင်းထန်သည့် စစ်လက်နက် ပစ္စည်းတစ်ခု ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့အနီးရှိ မိုင်လိုင်ခက် ဒုက္ခသည်စခန်းမှ ကျောင်းသား/သူများအား လက်ရှိ ၀ေကြိုင် ဒုက္ခသည်စခန်း IDPs Camp ကျောင်း၌ အချိန်ပိုင်း အလှည့်ကျ ခွဲသင်နေကြရသည်ဟု IDPs Camp ကျောင်းမှ ဆရာမတစ်ဦး ပြောပြချက်အရ သိရသည်။
လွန်ခဲ့သည့် အောက်တိုဘာလ ၉ရက်နေ့မှစ၍ လိုင်ဇာမြို့အတွင်း တပ်မတော်မှ စစ်လက်နက်များ မကြာခဏ ၀င်ရောက်ပစ်ခတ်မှုများကြောင့် ဗဟိုဌာနချုပ်အတွင်းရှိ မူလတန်းနှင့် အထက်တန်းကျောင်းများ အားလုံးနီးပါး ပိတ်ထားခဲ့ရသည်။
ယင်းအချိန်မှစပြီး ပိတ်ထားခဲ့သော ကျောင်းများအား တစ်လကြာပြီးနောက်ပိုင်း နိုင်၀င်ဘာလမှာ စစ်ရေးအခြေအနေ ငြိမ်သက်လာခြင်းကြောင့် ပြန်လည်ဖွင့်လှစ်နိုင်အောင် လုပ်ဆောင်နေကြောင်း ယင်းကျောင်း၌ စာသင်ကြားပေးနေသာ ဆရာမတစ်ဦးက ယခုလို ပြောပြထားပါသည်။
“နိုင်ငံရေးက ဘယ်လိုပြန်ဖြစ်လာမယ်ဆိုတာကိုတော့သေချာမသိဘူး။ အချိန်ပြည့် သတိနဲ့နေနေရတယ်။ အခြေအနေအပေါ်မူတည်ပြီး ကျောင်းပြန်ဖွင့်နေတာလည်း တစ်ပတ်လောက်တော့ ရှိနေပါပြီ။ ဒီနှစ်ရဲ့ ပညာသင်နှစ်ကိုသာ ကလေးတွေ အပြီးသတ်နိုင်အောင်လို့ ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးနေတာ ဖြစ်တယ်။” ဟု ပြောသည်။
ထို့ကြောင့် နို၀င်ဘာ ၂၀ရက်နေ့မှ စတင်ကာ ၀ေကြိုင် IDP ကျောင်း၌ ဆဌမတန်းမှ ဒသမတန်းအထိ ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပြီး၊ မူလတန်း ကျောင်းသားများအတွက်သည်ပင် ယနေ့အထိ မဖွင့်နိုင်သေးကြောင်း ဆိုသည်။
ထို့အပြင် မူလတန်းကျောင်းသားများအတွက် ဒီဇင်ဘာလဆန်းပိုင်းအချိန်လောက်မှာ ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်နေကြောင်းလည်း ဆက်လက်ပြောပြထားသည်။ မုန်လိုင်ခက် ဒုက္ခသည်စခန်းသည် လူဦးရေ ခြောက်ရာကျော် ၀န်းကျင်ရှိသော ဒေသဖြစ်ပြီး၊ လက်ရှိ ၀ေကြိုင် စစ်ရှောင်ကျောင်းသို့ လာရောက်ခိုလှုံသင်ကြားနေသော ကျောင်းသား/သူပေါင်း ၁၄၅ဦးရှိ ကြောင်း သိရသည်။
၂၀၁၁ခုနှစ် တစ်ကြော့ပြန်တိုက်ပွဲနှင့် ၂၀၂၁ခုနှစ် တပ်မတော်အာဏာသိမ်းပြီးနောက်ပိုင်း နမ်ဆန်ယန်နှင့် လဂျားယန်ကျေးရွာက ဒေသခံများ ၆၀၀ကျော် လာရောက်စုစည်း နေထိုင်ကြပြီး၊ လွန်ခဲ့သည့် အောက်တိုဘာ ၉ရက်နေ့ညက စစ်လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအ၀င် လူပေါင်း ၃၀နီးပါး သေဆုံးခဲ့ရသည့် ဒေသဖြစ်သည်။
Comments