ပါဂျောင်မီဒီယာ
၂၇ရက်၊မတ်လ၊၂၀၂၄ခုနှစ်။
![](https://static.wixstatic.com/media/c187ce_1fb351e526174ef9a78716c80f36abf9~mv2.jpg/v1/fill/w_762,h_1154,al_c,q_85,enc_avif,quality_auto/c187ce_1fb351e526174ef9a78716c80f36abf9~mv2.jpg)
ကချင်လွတ်ေမြာက်ရေးတပ်မတော်(KIA/KIO) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ယနေ့ မတ်လ၂၇ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က မိုင်ဂျာယန်မြို့အနီး ဝန်းကျင်အတွင်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဇင်လွမ်တောင်(Zin Lum Bum)စစ်တပ်စခန်းမှ အမြောက်တပ်နှင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ တရုတ်နယ်စပ်ဘက်ခြမ်းသို့ နှစ်ကြိမ်တိတိ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းလက်နက်ကြီး နယ်စပ်ဖြတ်ကျော် အမြောက်ပစ်ခတ်မှုအပေါ် တရုတ်နိုင်ငံမှ သဘောထား ထုတ်ပြန်ချက် စာတစ်စောင်ကို ယနေ့မတ်လ၂၇ရက်နေ့တွင်ပင် ထုတ်ပြန်လာခဲ့သည်။
ထုတ်ပြန်ချက်ထဲတွင် “တရုတ် မြန်မာ နှစ်နိုင်ငံကြား သက်ဆိုင်ရာ သဘောတူညီချက်တွေကို တင်းတင်းကျပ်ကျပ် လိုက်နာဖို့ မြန်မာအာဏာပိုင်တွေကို အလေးအနက် တိုက်တွန်းလိုပါတယ်၊ မြန်မာနိုင်ငံအနေနဲ့ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေ အားလုံးကို ချက်ချင်းရပ်ပြီး ဒီလိုမျိုး ဖြစ်ရပ်တွေ ထပ်မဖြစ်အောင် ထိရောက်တဲ့ အစီအမံတွေကို အကောင်အထည်ဖော်ဖို့ အရေးကြီးပါတယ်။” ဟု ပြောဆိုထားသည်။
တရုတ်နိုင်ငံမှ ထုတ်ပြန်ချက်အရ Lala ကျေးရွာ၊ Zhangfeng မြို့၊ Longchuan ကောင်တီ၊ Dehong စီရင်စု၊ Yunnan ခရိုင်အတွင်း အမြောက်ကျည်နှစ်စင်း ကျရောက်ခဲ့ပြီး၊ ယင်းကျရောက်ပေါက်ကွဲမှုကြောင့် လှိုင်းလုံးကြီးသည် ၁.၄မီတာရှိသော ချိုင့်ကြီးတစ်ခု ဖြစ်စေခဲ့သည်ဟု ဆိုသည်။
ဒါ့အပြင် မြန်မာဘက်ခြမ်းမှ ပစ်ခတ်မှု ကျည်ဆန်များသည်လည်း တရုတ်-မြန်မာနယ်စပ် မှတ်တိုင် အမှတ်၄၆ မှ မီတာ ၃၃၀ ခန့် အကွာတွင် ကျရောက်ခဲ့ပြီး အခြား ကျည်ဆန်များသည် တရုတ်-မြန်မာ နယ်စပ် အမှတ် ၄၆ နယ်နိမိတ် မှတ်တိုင် အမှတ် ၁ မှ မီတာ ၅၀၀ အကွာတွင် ကျရောက်ခဲ့သည်ဟု ထပ်မံဖော်ပြထားသည်။
မိုင်ဂျာယန် ဒေသခံများ ပြောပြချက်အရ ယနေ့နံနက်ပိုင်းတွင် ဇင်လွမ်တပ်စခန်းဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် တရုတ်နယ်စပ်ဘက်ခြမ်းသို့ နှစ်ကြိမ်ကျရောက်ပေါက်ကွဲခဲ့ပြီး၊ မိုင်ဂျာယန်အနီးတစ်ဝိုက်တွင် ၄ကြိမ်ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထို့ကြောင့် တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသမှ တရုတ်ဝန်ထမ်းများ၏ လုံခြုံရေးအပြင် ပိုင်ဆိုင်မှုများအတွက် အာမခံပေးရန် မြန်မာနိုင်ငံဘက်က အကောင်အထည်ဖော်ပေးဖို့ မျော်လင့်ကြောင်း တရားဝင် ထုတ်ပြန်လာခဲ့သည်။
Comments