top of page
Writer's picturePajau Media

မြန်မာနိုင်ငံ ၏လက်တလော အသက်သွင်းပြဌာန်းထားသော ပြည်သူ့စစ်မှုထမ်း ဥပဒေ နှင့် မြန်မာနိုင်ငံ လူငယ်များ၏အနာဂတ်

ပါဂျောင်မီဒီယာ


၁၉ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၄

မြန်မာနိုင်ငံ၏ ၁၈ နှစ်ပြည့်ပြီး အရွယ်ရောက်ပြီးသော အမျိုးသား အမျိုးသမီးတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေ အား စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏အမိန့် ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်နေ့ တွင် အမိန့်ကြေညာစာအမှတ် ၂၇/၂၀၂၄ ဖြင့် စတင်ပြဌာန်း အသက်သွင်း ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။


ဥပဒေအရစစ်မှုထမ်းခြင်း

ဥပဒေအရစစ်မှုထမ်းခြင်း ဆိုသည်မှာ အဓိကအားဖြင့် စစ်မှုထမ်းခြင်းတွင် ပြည်သူများကိုနိုင်ငံတော်မှ နိုင်ငံ့ဝန်ထမ်း အဖြစ် စာရင်းသွင်းခြင်း ဖြစ်သည်။ စစ်ပွဲများ (သို့မဟုတ်) နိုင်ငံအတွင်းပြိုင်ဆိုင်မှုများတွင် ပါဝင်သည့် နိုင်ငံများသည် ဥပဒေအရ စစ်မှုထမ်းခြင်းကို အကောင်အထည်ဖော်ရန် အလားအလာအများဆုံးဖြစ်သည်။


မြန်မာနိုင်ငံ၏ပြည်သူ့စစ်မှုထမ်းဥပဒေ

ဤဥပဒေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က လက်မှတ်ထိုးပြဌာန်းခဲ့သော စစ်မှုမထမ်းမနေရဥပဒေဖြစ်သည်။ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရး ဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြဌာန်းရခြင်းဖြစ်သည် ဟုဖော်ပြထားသည်။


စစ်မှုထမ်းရမည့်သူများ

ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းချက်အရ ပြည်သူ့စစ်မှုထမ်းဆိုသည်မှာ ဤဥပဒေအရ စစ်မှုထမ်းဆောင်သည့် နိုင်ငံသားကို ဆိုလိုကြောင်း၊ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ်မပြည့်သေးသောနိုင်ငံသားတိုင်းကို လည်းကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၂၇ နှစ်မပြည့်သေးသော နိုင်ငံသားတိုင်းကိုလည်းကောင်း၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ တပ်မတော်တွင်အမှုထမ်းလျက်ရှိသော ဝန်ထမ်းများအနက် ကာကွယ်ရေးဌာနကောင်စီအမိန့်ဖြင့် သတ်မှတ်သော ပညာသည် အုပ်စုဝင်ဇယား၌ ပါဝင်သည့် စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူ ကျွမ်းကျင် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြိး၍ အသက် ၄၅ နှစ်မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်းဆိုသည်။


စစ်မှုထမ်းရမည့် ကာလ

ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို (၂၄)လ ထက်မပိုသည့် ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းရန်ဆင့်ခေါ်နိုင်ကြောင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက်တပ်မတော် စက်မှုလက်မှု ပညာသည်များအဖြစ် အမှုထမ်းရန်ဆင့်ခေါ်ခြင်းခံရသူများ နှင့် ကျွမ်းကျင်သူများအား ကို (၃၆) လထက်မပိုသည့်ကာလအပိုင်းအခြားအတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ကြောင်း ဥပဒေတွင်ပါရှိသည်။ နိုင်ငံတော်အရေးပေါ်အခြေအနေဖြစ်ပေါ်လျှင် အစိုးရအဖွဲ့သည် ပြည်သူ့စစ်မှုထမ်းရန် ကာလကို (၅)နှစ် အထိတိုးမြှင့်သတ်မှတ်နိုင်သည်။


ကင်းလွတ်ခွင့်ရသူများ (အမြဲတမ်းကင်းလွတ်ခွင့် နှင့် ယာယီကင်းလွတ်ခွင့်)


အမြဲတမ်းကင်းလွတ်ခွင့်ရသည့် သူများ

ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှ အမြဲတမ်းကင်းလွတ်ခွင့် ရသည့်သူများမှာ သာသနာ့ဝန်ထမ်းများ (ဗုဒ္ဓဘာသာအတွက်ဖြစ်လျှင် ဗုဒ္ဓသာသနာဝန်ကို အစဉ်ထမ်းရွက်နေသော သာသနာနွယ်ဝင် လက်မှတ်ကိုင်ဆောင် ထားသည့် ရဟန်း၊သာမဏေ နှင့် သီလရှင်များ၊ ခရစ်ယာန်ဘာသာအတွက်ဖြစ်လျှင် သာသနာဝန်ထမ်းဆောင်ရန် အဓိကအားဖြင့် မိမိကိုယ်ကို ဆက်ကပ်ပြီးသော ပုဂ္ဂိုလ်ဟု သက်ဆိုင်ရာ ခရစ်ယာန် အသင်းတော်ကြီးများ (Churches) က အသိအမှတ်ပြု၍ သိက္ခာပေးထားခြင်းခံရသောပုဂ္ဂိုလ်များ၊ ဟိန္ဒူဘာသာအတွက်ဖြစ်လျှင် စံယာစီ၊ မဟန့် သို့တည်းမဟုတ် ဟိန္ဒူဘုန်းတော်ကြီးများ)၊ အိမ်ထောင်သည်အမျိုးသမီးများ (အိမ်ထောင်ပျက်သော်လည်း သားသမီးရှိသူ အမျိုးသမီးများပါဝင်)၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊ တပ်မတော်ဆေးစစ်ရေးဘုတ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်း မသင့်လျော်သူ ဖြစ်ကြောင်းသတ်မှတ်ထားသူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်၍ ကင်းလွတ်ခွင့် ပြုထားသူများ ဖြစ်သည်။


ယာယီကင်းလွတ်ခွင့်ရသည့် သူများ

ပြည်သူ့စစ်မှုထမ်းရမည့်တာဝန်မှ ယာယီကင်းလွတ်ခွင့် ရသည့်သူများမှာ ကျန်းမာရေးမကောင်းသူများ၊ စစ်ကောင်စီဝန်ထမ်းများ၊ အစိုးရကဖွင့်လှစ်ထားသော သို့မဟုတ် အသိအမှတ်ပြုထားသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ နှင့်ကျောင်းများတွင်ပညာသင်ကြားနေသော ကျောင်းသားများ၊ မိအိုဖအိုများကို လုပ်ကျွေးနေသူများ၊ မူးယစ်ဆေးဖြတ်နေသူများ၊ ထောင်ကျနေသူများဖြစ်သည်။ သို့သော်ထိုသူများသည် အသက်ကျော်သွားသည့်တိုင် ယာယီကင်းလွတ်ခွင့်ကာလပြီးဆုံးချိန်တွင်စစ်ထဲဝင်ရမည် ဖြစ်သည်။


ပြစ်မှုနှင့်ပြစ်ဒဏ်များ

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးမြို့နယ်အဖွဲ့က ပုဒ်မ ၉၊ ပုဒ်မခွဲ (က)အရ မှတ်ပုံတင်ရန်အတွက် ဆင့်ခေါ်ချိန်နှင့် ပုဒ်မ ၉၊ ပုဒ်မခွဲ (ခ)အရ ဆေးစစ်ရန်အတွက် ဆင့်ခေါ်ချိန်တွင်လာရောက် သတင်းပို့ရန် ပျက်ကွက်ခြင်း၊ ဆေးစစ်ခြင်းအောင်မြင်သော်လည်း ပုဒ်မ ၁၀ အရ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးမြို့နယ်အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် ဆင့်ခေါ်ချိန်တွင် လာရောက်သတင်းပို့ရန် ပျက်ကွက်ခြင်း၊ ပုဒ်မ ၂၁၊ ပုဒ်မခွဲ (ခ)အရ စစ်စည်းရုံးခြင်း အမိန့်ထုတ်ဆင့်ချိန်တွင် သတင်းပို့ရန် ပျက်ကွက်ခြင်း၊ မိမိဖော်ပြရမည့် အကြောင်းအရာတစ်ခုခုနှင့် စပ်လျဉ်း၍ မမှန်မကန်ဖော်ပြခြင်း၊ ပြည်သူ့စစ်မှုထမ်းရန် ကာလပြီးဆုံးသော မိမိ၏ အလုပ်သမားအား ပုဒ်မ ၁၈၊ ပုဒ်မခွဲ (ခ)အရ အလုပ်ခန့်ထားရန် ပျက်ကွက်ခြင်းတို့ကို အကြောင်းပြချက်မရှိပဲ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်။





















Comments


bottom of page