ပါဂျောင်မီဒီယာ
၂ရက်၊ မေလ၊ ၂၀၂၄ခုနှစ်။
![](https://static.wixstatic.com/media/c187ce_fd3317f16dbf41f3b30e856a6d6df598~mv2.jpg/v1/fill/w_980,h_547,al_c,q_85,usm_0.66_1.00_0.01,enc_auto/c187ce_fd3317f16dbf41f3b30e856a6d6df598~mv2.jpg)
စစ်တပ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာ မြေမြုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက် ပစ္စည်းတွေကြောင့် ၂၀၂၃ ခုနှစ်အတွင်း အရပ်သားသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ရမှုဟာ ၂၀၂၂ ခုနစ်ထက် သုံးဆနီးပါး တိုးလာတယ်လို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့က ဧပြီလ မှာ အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ သေဆုံး၊ဒဏ်ရာရရှိသူ ၃၉၀ သာရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာ (၁၀၅၂) ဦးအထိ မြင့်တက်လာတာလို့ဆိုပါတယ်။ စစ်လက်နက်ပစ္စည်းတွေကြောင့် ၂၀၂၃ ခုနှစ်အတွင်း သေဆုံးသူ (၁၈၈) ဦးနဲ့ ဒဏ်ရာရရှိသူ (၈၄၄) ဦးရှိခဲ့တယ်လို့ (UNICEF) က ဖော်ပြပါတယ်။ အဲဒီအထဲမှာ ကလေး (၅၉) ဦးပါဝင်တယ်လို့ ပြောပါတယ်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ မြေမြုပ်မိုင်းကြောင့်ပြည်သူတွေ ထိခိုက် ဒဏ်ရာရရှိမှု အများဆုံး ဒေသတွေကတော့ စစ်ကိုင်းတိုင်းမှာ (၃၅) ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်ကတော့ (၁၂) ရာခိုင်နှုန်းနဲ့ ဒုတိယ အများဆုံးဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ စစ်ကိုင်းတိုင်း ကောလင်းနဲ့ဝန်းသိုကြားက အောင်းကုန်းရွာမှာ (RPG) လက်နက်ကျည်ဆံကို ဆော့ကစားမိတာကြောင့် သားအမိသုံးဦးလုံးသေဆုံးခဲ့တယ်လို့ ကောလင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“သေဆုံးတဲ့ အစ်မ က ၃၆ နှစ်ပဲရှိသေးတာ။ ၄ နှစ်အရွယ်ကလေးတစ်ယောက်ရယ်၊ ၁၆ နှစ်သမီးလေးတစ်ယောက်ရယ်၊ သူရယ်နဲ့ဆို သုံးယောက်ပေါ့နော်။ အဲဒါကို RPG ဗုံးသီးကို တွေ့တာ၊ မပေါက်ကွဲသေးတာပေါ့နော်။ အဲဒါကို ခေါက်ကြည့်တော့ ပေါက်ကွဲတာလေ။”
မြေမြုပ်မိုင်းတွေကို စစ်ကောင်စီဘက်က အဓိက အသုံးပြုနေပြီး စစ်ကောင်စီ က သူတို့ရဲ့ ဧရိယာကိုကျော်ပြီး နင်းမိုင်ထောင်တာတွေ ရှိတာကြောင့် ပြည်သူတွေ တောင်ယာခင်းသွားလာရာတွင် မိုင်းနင်းမိ ဒဏ်ရာရ သေဆုံးမှုတွေ များ လာတာ ဖြစ်တယ် လို့ chinland defense force kalay Kabaw Gangaw တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောထားပါတယ်။
“စစ်ကောင်စီက သူတို့ရဲ့ တပ်တွင်းဧရိယာကို ကျော်ပြီးမှ မိုင်းထောင်တဲ့ဟာရှိတယ်, ကော်ဗူးလေးတွေနဲ့ ပေါ့နော်။ တစ်ချို့ တောင်ယာခင်းတွေ အဲလိုနေရာတွေ မှာ ထောင်တာရှိတယ်။ကျွန်တော်တို့ နားမှာ ဆိုရင် ရန်ကြီးအောင်စခန်းရဲ့ မီတာနှစ်ရာ ပတ်လည်မှာ သူတို့ထောင်တာရှိတယ်ဆိုတော့ မီတာနှစ်ရာ ပတ်လည်ဆိုပြည်သူတွေ နေတဲ့ ဘက် ရောက်သွားပြီ တစ်ချို့ပြည်သူကျတော့ အရေးကြုံလို့ သွားမိတဲ့အခါမှာ နင်းမိတာမျိုးရှိတယ် ”
မြေမြုပ်မိုင်းကြောင့် အရပ်သားတွေ အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်သေဆုံးနေတာလို့စစ်ကိုင်းတိုင်း အတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ UNICEFရဲ့ ထုတ်ပြန်ချက်နဲ့ ဒီလိုပြောဆိုချက် တွေကို စစ်ကောင်စီအရာရှိဟောင်းတစ်ဦ်းဖြစ်တဲ့ နိုင်ငံရေးလေ့လာသူတစ်ဦးကတော့ မိုင်းထောင်ရင်တောင် စစ်တပ်ဘက်က စည်းကမ်းတကျ အသုံးပြုနေပြီး အရပ် သားထိခိုက်မှုတွေ အတွက် PDF တွေကို ပဲအပြစ်တင်ရမယ်လို့တုံ့ပြန်ပါတယ်။ “ တပ်ကတော့ သူ့ရဲ့စခန်းထဲမှာပဲ စည်းကြပ်ကန့်သတ်မိုင်းလို့ခေါ်တယ်၊ အဲလိုမျိုးပဲ သူက ထောင်တယ်။ မိုင်းနဲ့ ပတ်သက်လို့ အပြစ်တင်ချင်တာကတော့ PDF အဖွဲ့တွေကို အပြစ်တင်ချင်တယ်။ လုပ်နေကြတာကတော့ နှစ်ဖက်စလုံးက ထောင်ကြမှာပါပဲ၊ ဒါပေမဲ့ မိုင်းအသိနဲ့ပတ်သက်လို့ စည်းမရှိ၊ ကမ်းမရှိ လုပ်တာကတော့ PDF တွေလို့ပဲ ကျွန်တော်ကတော့ စွပ်စွဲချင်တယ်”
မိုင်းကြောင့် ထိခိုက်သေဆုံးသူတွေထဲမှာ စစ်ကိုင်းတိုင်းနဲ့ရှမ်းပြည်နယ်ပြီးရင် ဧရာဝတီတိုင်းက တတိယ အများဆုံးဖြစ်ပြီး ကယား၊ချင်း၊ကချင်နဲ့ ရန်ကုန်အပါအဝင် တိုင်း ပြည်နယ်များတွင် လည်း ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်။ မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေ ကျယ်ပြန့်လာတဲ့အတွက် နေပြည်တော်ကလွဲရင် ကျန်တဲ့ တိုင်းနဲ့ ပြည်နယ် အားလုံးမှာ မြေမြှုပ်မိုင်းအန္တရာယ်ကြုံတွေ့နေရပြီး ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်ပစ္စည်းအန္တရာယ် ကြုံတွေ့ရမှု အဆိုးရွားဆုံး နိုင်ငံတွေထဲမှာ ပါဝင်လာပြီလို့ ပြောပါတယ်။
မြန်မာမှာ စစ်ကောင်စီအာဏာသိမ်းမှု နောက်ပိုင်းမြန်မာပြည်အနှံ့မှာ လက်နက်ကိုင်ပဠိပက္ခဟာ ပိုမိုပြင်းထန်လာနေတာကြောင့် မြေမြုပ်မိုင်းနဲ့စစ်လက်နက်အန္တရာယ်လည်း စိုးရိမ်ဖွယ်ခြေအနေမှာရှိနေပြီး ဒီလို အသုံးပြုတာဟာ စစ်ရာဇဝတ်မှု မြောက်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ ( Amnesty international ) အဖွဲ့က လည်း ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေပြင်းထန်နေချိန်မှာ မြေမြှုပ်မိုင်းတွေကို အဖွဲ့အစည်းအားလုံးက မဆင်မခြင် အသုံးပြုနေတယ်လို့လည်း ဝေဖန်ထားပါတယ်။မြေမြှုပ်မိုင်းအသုံးပြုတာဟာ ပြစ်တင်ရှုတ်ချစရာဖြစ်သလို နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေကို ချိုးဖောက်တာဖြစ်တယ်။ အရပ်သားတွေ၊ အထူးသဖြင့် ကလေးငယ်တွေရဲ့ ဘေးကင်းလုံခြုံမှုအတွက် မြေမြှုပ်မိုင်းတွေ မဆင်မခြင် အသုံးပြုနေတာကို ရပ်တန့်ဖို့ ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့အစည်း အားလုံးက ချက်ချင်းစတင်ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ မြို့နယ်ပေါင်းထက်ဝက်ကျော်မှာ မိုင်းအန္တရာယ်ကျရောက်နေပြီး ဒါဟာ အရပ်သားတွေ မလုံခြုံမှုကို ဖော်ပြနေတယ်လို့ မြေမြှုပ်မိုင်းနဲ့ ထပ်ဆင့်ပေါက်ကွဲစေတဲ့ လက်နက်ပစ္စည်းများ စောင့်ကြည့် လေ့လာရေးအဖွဲ့ (Landmine & Cluster Munition Monitor)က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်ပေါင်း ၃၃၀ အနက် ၁၆၈ မြို့နယ်မှာ မြေမြှုပ်မိုင်း အန္တရာယ်ကြုံနေရတာဖြစ်ပြီး အဲဒီအရေအတွက်ဟာ ၂၀၂၀ ခုနှစ်ကထက် ၆၈ မြို့နယ် ထပ်တိုးလာတာလို့ အစီရင်ခံစာမှာ ဖော်ပြထား ပါတယ်။
စစ်ကောင်စီတပ်တွေအနေနဲ့ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေ၊ နေအိမ်တွေ၊ ဘုရားကျောင်းတွေနဲ့ အများပိုင် အဆောက်အအုံတွေအပြင် မိုဘိုင်းဖုန်းတာဝါတိုင်တွေနဲ့ ရေနံ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေ အနီးမှာ မြေမြှုပ်မိုင်းတွေ ထောင်လေ့ရှိတယ်လို့ ဆိုပါတယ်။
မြေမြှုပ်မိုင်းတွေကို စစ်တပ်အပြင် စစ်တပ်ကို ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကပါ အသုံးပြုမှု ရှိနေပြီး စစ်တပ်က သူတို့ အသုံးပြုမှုကို ထုတ်ဖော်ပြော ဖူးသလို တော်လှန်ရေးလက်နက်ကိုင် အဖွဲ့တွေကလည်း အထောက်အထားတွေ သိမ်းဆည်းရမိတာရှိတယ်လို့ Landmine & Cluster Munition Monitor အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီနှစ်ဇန်နဝါရီလက ၁၀၂၇ စစ်ဆင်ရေး ရပ်ဆိုင်းခဲ့တဲ့နောက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားတာတွေ မရှိတော့ပေမဲ့ ဒေသခံ ပြည်သူတွေဟာ မြေမြုပ်မိုင်းနဲ့ စစ်ကျန်လက်နက်တွေကြောင့် မကြာခဏဆိုသလို ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။
ရှမ်းမြောက်ဒေသအတွင်းက လူ့အခွင့်အရေးအခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ တအန်းအမျိုးသမီးအဖွဲ့အစည်းက ပြောရေးဆိုခွင့်ရှိသူကတော့ ၁၀၂၇ နောက်ပိုင်း ထိခိုက်သေဆုံးမှုအခြေအနေကို အခုလို ပြောပါတယ်။
“ ၁၀၂၇နောက်ပိုင်း ဆိုရင် ပြောရမယ်ဆိုရင်တော့ ဒီဇင်ဘာ၊ ဇန်နဝါရီနောက်ပိုင်းပေါ့။ စုထားသလောက်ဆိုရင်တော့ အဓိက မတ်၊ ဧပြီထဲကပေါ့။ မတ်လထဲမှာဆိုရင်တော့ ၈ယောက်ရှိတယ်။ ၈ယောက်ထဲမှာ ၃ယောက်သေဆုံးတယ်။ ၅ယောက် ဒဏ်ရာရတာရှိတယ်။ ဧပြီလထဲမှာဆိုရင်လည်း ၈ယောက် ရှိတာပေါ့နော်။ ၈ယောက်ထဲမှာ သေဆုံးတာက ၁ယောက်ပေါ့နော်။ ကျန်တဲ့ ၇ယောက်က ဒဏ်ရာရတယ်။ ဒီ တလပိုင်း၊ နှစ်လပိုင်း ဆိုရင်တော့ ၁၀ယောက်၊ ၁၅ ဝန်း ကျင်လောက်တော့ရှိမယ်။ ဒီ သေဆုံးတာတွေရော၊ ဒဏ်ရာ ရတဲ့ဟာတွေရောပေါ့။ ”
ထိခိုက်သေဆုံးမှုဟာ နမ့်ဆန်၊ နမ္မတူနဲ့ ကွတ်ခိုင်မြို့နယ်မှာ အများဆုံးဖြစ်ကြောင်းနဲ့ ဒီစာရင်းက ရှမ်းမြောက်ဒေသတခုလုံးကို မလွှမ်းခြုံပဲ သူတို့ လက်လှမ်းမီသလောက် ကောက်ယူရရှိတာဖြစ်ကြောင်း ပြောပါတယ်။ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနရဲ့ အယ်ဒီတာ မိုင်းအနိုင်က လက်ရှိ ဒေသခံ ပြည်သူတွေ တွေ့ကြုံနေရတဲ့ အခက်အခဲကို အခုလို ပြောပါတယ်။
“အဓိက မြေမြုပ်မိုင်းဆိုတာကလည်း စကစ တပ်က မိုင်းတွေ သူတို့ စခန်းပတ်ပတ်လည်တင် မကဘဲနဲ့ ၊ စခန်းတက်ဖို့ပေါ့နော် အနီးအနားက ဒီ နေအိမ်တွေ၊ ခြံတွေ၊ လက်ဖက်ခြံတွေ၊ ဘာခြံတွေ၊ ညာခြံတွေပေါ့နော်။ သူတို့ တော်တော်ဝေးတဲ့နေရာအထိကို ပတ်ပတ်လည်မှာ ထောင်ထားတဲ့အခါကျတော့ ဒီ ၁၀၂၇ နောက်ပိုင်း ပြီးတဲ့အခါကျတော့လည်း လူထုတွေက အလုပ် သွားလုပ်တဲ့အချိန်မှာ မြေမြုပ်မိုင်းတွေ နင်းမိတာ ဒါက ပုံမှန်လို ဖြစ်နေတာပေါ့နော်။ နောက်တခု ပြဿနာက ဘာလဲဆိုတော့ လက်နက် အကြွင်းအကျန်တွေပေါ့ဗျာ။ လက်နက် အကြွင်းအကျန် ဆိုတာကလည်း ဒါ အသိပညာပေးတွေ လက်လှမ်းမမီနိုင်တဲ့နေရာကျတော့ တောထဲသွားရင်းနဲ့ လက်နက်ကြီးတွေ ဘာတွေ တွေ့လို့ ၊ အထူးသဖြင့် ကလေးတွေပေါ့ဗျာ။ ယူဆော့မိပြီး ပေါက်ကွဲပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့ဟာ ဒါက အခုလောလောဆည်မှာ ကြုံတွေ့နေရတဲ့ ပြဿနာလို့ ပြောလို့ ရတာပေါ့နော။ ”
ရှမ်းမြောက်ဒေသ အခြေစိုက် အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းတွေအရ မြောက်ပိုင်းညီနောင် သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြေမြုပ်မိုင်း အပါဝင် လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၃၀ ဦး သေ ဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း လက်နက်ကိုင် ခုခံတော်လှန်မှုတွေနဲ့အတူ မြေမြှုပ်မိုင်းကြောင့် အရပ်သား ထိခိုက်မှုတွေလည်း ပိုပြီးတိုးလာနေပါတယ်။ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF Myanmar) ရဲ့ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတစ်ဝန်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်ကြောင့် အရပ်သား ၁၈၈ ဦး သေဆုံးခဲ့ပါတယ်။
Kommentare